ကမ္ဘာ့တက္ကသိုလ်များ အားကစားပြိုင်ပွဲရဲ့ မီတာ ၁၀၀ အပြေးပွဲစဉ်မှာ ဆိုမာလီယာနိုင်ငံ ကိုယ်စားပြု ပြိုင်ပွဲဝင်အပြေးမယ်က ၂၁ စက္ကန့်အထိ ပန်းဝင်ဖို့ အချိန်ကြာမြင်ခဲ့တာကြောင့် အားကစားဝန်ကြီးက ပြေးခုန်ပစ်အဖွဲ့ချုပ်ရဲ့ အမျိုးသမီးဥက္ကဋ္ဌကို ရာထူးဆိုင်းငံ့လိုက်တဲ့အပြင် ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ပါ စီစဉ်နေပါတယ်။
တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အမျိုးသမီးအပြေးပြိုင်ပွဲအတွင်း နက်စ်ရာအဘူကာအလီက နောက်ဆုံးမှ ပန်းဝင်နိုင်ခဲ့တာဖြစ်ပြီး အနိုင်ရရှိခဲ့သူရဲ့ ၁၁ ဒသမ ၅၈ စက္ကန့်စံချိန်ထက် ၁၀ စက္ကန့်ကျော်အထိ နောက်ကျနေခဲ့တာပါ။
ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတခုထဲမှာတော့ လေ့ကျင့်ထားပုံမရတဲ့ အသက် ၂၀ အရွယ် အမျိုးသမီးဟာ တခြားပြိုင်ပွဲဝင်တွေ ပန်းဝင်သွားချိန်အထိ အတော်ကို ပြတ်ကျန်နေခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ဆိုမာလီယာနိုင်ငံရဲ့ အမျိုးသားအိုလံပစ်ကော်မတီနဲ့အတူ စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ခဲ့တယ်လို့ အားကစားဝန်ကြီးဖြစ်တဲ့ မိုဟာမတ် ဘာရီ မိုဟာမွတ်က အတည်ပြုပါတယ်။
ဒီစုံစမ်းစစ်ဆေးမှုအရ အလီဟာ အားကစားသမား မဟုတ်သလို အပြေးသမားလည်း မဟုတ်ဘူးလို့ ထုတ်ဖော်ခဲ့ပါတယ်။ ဒါ့အပြင် ဆိုမာလီတက္ကသိုလ် အားကစားအဖွဲ့ချုပ် ဆိုပြီး မှတ်ပုံတင်ထားတာမျိုးပါ မရှိဘူးလို့ ဝန်ကြီးဌာနက ဖြည့်စွက်ပြောပါတယ်။
Source - Reuters