Home
မြန်မာသတင်း
ကြက်မွေးမြူရေးလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာ
DVB
·
August 4, 2023
Chicken_04082023

မြန်မာပြည်တွင်းဈေးကွက်မှာ ကြက်ခြံဖမ်းစျေးကောင်းမရတာ၊ ကြက်​မွေးမြူရေးစရိတ်ကုန်ကျမှု ပိုများလာတာနဲ့ မိုးရာသီမှာ ရောဂါတွေ ဝင်ရောက်လာတာကြောင့် ကြက်မွေးမြူရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ ခက်ခဲလာတယ်လို့  လုပ်ငန်းရှင်တွေက ပြောပါတယ်။

လက်ရှိမှာ ကြက်ခြံဖမ်းစျေးနှုန်းဟာ ၁ ပိဿာကို ကျပ် ၆,၅၀၀ မှ ၆,၇၀၀ အထိရှိပြီး ဇွန်လအကုန်ကနဲ့ယှဥ်ရင် ကျပ် ၁,၀၀၀ ကျော် ကျဆင်းသွားခဲ့ပါတယ်။

ကြက်မွေးမြူလုပ်ငန်းမှာ အဓိကလိုအပ်တဲ့ ကြက်စာစျေးနှုန်းဟာလည်း ပြီးခဲ့တဲ့နှစ်က ကျပ် ၄၀,၀၀၀ ကျော်သာ ရှိခဲ့ပေမဲ့ အခု ကျပ် ၁၁၀,၀၀၀ ကျော်အထိ ရှိလာပါတယ်။

ကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတဦးက “ကိုယ် တသက်လုံးလုပ်ခဲ့တဲ့အလုပ် ဖြစ်တာကြောင့်ရော ဖောက်သည်တွေ မိတ်ပျက်သွားမှာဆိုးတာကြောင့်ပါ ဆက်လုပ်နေရတာပါ။ ကြက်တသုတ်ထွက်ပြီးရင် အရင်းရပါစေပဲ ဆုတောင်းနေရတယ်။ အဓိကက ကြက်စာစျေးနှုန်းကြောင့်ပါ။ ကြက်စျေးကျတယ်ဆိုရင်တောင် ကြက်စာစျေး ပုံမှန်ပဲဆိုရင် အမြတ်ကပေါ်မှာပဲ။ လက်ရှိ ကိုယ့်ဘာသာမွေးတဲ့သူက ရှားသွားပြီး ကုမ္ပဏီအတွက်ပဲ ကိုယ်စားမွေးကြတော့တယ်” လို့ ပြောပါတယ်။

မွေးမြူရေးကြက်တွေဟာ မိုးတွင်းဆို အအေးမိတာနဲ့ တခြားရောဂါပိုးတွေ ဝင်ရောက်တတ်ပြီး သေချာဂရုမစိုက်ရင် ကြက်အကုန်လုံး ရောဂါကူးပြီး သေဆုံးနိုင်တယ်လို့ ကြက်ခြံအလုပ်သမားတွေက ပြောပါတယ်။

မော်လမြိုင်ရှိ ကြက်ခြံပိုင်ရှင်တဦးက “မိုးတွင်းဆို ပိုးသတ်ဆေး သေချာတိုက်ကျွေးတာတောင် ရောဂါပိုးက ဝင်တယ်။ အခု ကြက်ခြံတွေက ကုန်စျေးနှုန်းတွေမြင့်နေတော့ ကြက်စာလျော့ကျွေးတာတို့ ကြက်ကို တိုက်ကျွေးရမယ့် ဆေးတွေကို လျော့ပြီး တိုက်ကျွေးတာတွေ ရှိတော့ ရောဂါပိုးတွေ ပိုဝင်လာတယ်။ နဂိုက ကြက်စျေးက ထင်သလောက် စျေးမရတဲ့ကြားထဲ ကြက်တွေသေတာကြောင့် ကြက်မွေးမြူတဲ့ တော်တော်များများဟာ အရှုံးတွေပေါ်ပြီး ကြက်မွေးတာကို ခနနားထားကြတယ်” လို့ ပြောပါတယ်။

လက်ရှိ ကြက်မွေးမြူရေးလုပ်ငန်းတွေကို ကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်ကြီးတွေသာ ဆက်လက်လုပ်ကိုင်နိုင်နေပြီး တနိုင်တပိုင် မွေးမြူသူ မရှိသလောက် နည်းပါးနေပါတယ်။

ကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေဟာ စျေးကောင်းမရကြပေမဲ့ ပြင်ပကြက်သားစျေးနှုန်းဟာ တပိဿာကို ကျပ် ၁၂,၀၀၀ မှ ၁၄,၀၀၀ အထိ ပေါက်စျေးရှိနေပါတယ်။

မွေးမြူရေးကြက်စျေးကို CP ကုမ္ပဏီ အပါအဝင် ကြက်မွေးမြူရေးလုပ်ငန်း ကုမ္ပဏီကြီးတွေက သူတို့စိတ်ကြိုက် စျေးသတ်မှတ်ပြီး သြဂုတ် ၃ ရက် စျေးနှုန်းမှာ ကြက်တပိဿာကို ကျပ် ၆,၄၀၀ မှ ၆,၆၅၀ အထိ ပေါက်စျေးရှိပါတယ်။

မြန်မာနိုင်ငံတဝန်း ကြက်သားစားသုံးသူဦးရေမှာ တရက် ပျမ်းမျှ ကြက်သားပိဿာချိန် ၆ သိန်းခန့်ရှိတယ်လို့ စားသုံးသူရေးရာ ဦးစီးဌာနကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024