ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ သြဂုတ် ၃ ရက် ညပိုင်းက ကားမောင်းနှင်လာတဲ့ အမျိုးသားတယောက်ကို ဆိုင်ကယ်မောင်းနှင်လာသူ နှစ်ယောက်က သေနတ်နဲ့ ပစ်သတ်သွားကြာင်း သိရပါတယ်။
အေးမြသာယာရပ်ကွက် မီးရထားသံလမ်းအနီးမှာ အိမ်စီးကား မောင်းနှင်လာသူ အမျိုးသားကို ဆိုင်ကယ်နဲ့တားပြီး သေနတ်နဲ့ လေးချက်ထက်မနည်း ပစ်ခတ်သွားတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
အေးမြသာယာရပ်ကွက်မှာ နေထိုင်သူ အမျိုးသားတဦးက “ည ၇ နာရီခွဲလောက် အေးမြသာယာရပ်ကွက် မီးရထားသံလမ်းနားမှာ အပစ်ခံရတာ။ သေနတ်နဲ့ အပစ်ခံရတဲ့သူက အယ်လ်ဖတ် (Alphard) နဲ့၊ ပစ်သွားတဲ့သူက ဆိုင်ကယ်နဲ့ နှစ်ယောက်။ ကားကိုတားပြီး ပစ်သွားတာ။ ပစ်ပြီး ဆိုင်ကယ် ပြန်မောင်းသွားတယ်။ အားလုံးပေါင်း လေးချက်လောက်ရှိမယ်။ ဘာကြောင့်ပစ်လဲတော့ မသိဘူးဗျ” လို့ ပြောပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံရသူဟာ နမ္မတီးမြို့နယ် စည်ပင်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်း ဦးဖြိုးဝေဆန်း ဖြစ်ပြီး အမည်မသိ သေနတ်သမားက ပစ်ခတ်ခဲ့တဲ့အတွက် ဘယ်ဘက်ပါး ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဘယ်ဘက်လက် ကျည်ဖောက်ထွက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေ ၂၅ ရက် နေ့လယ်ပိုင်းကလည်း မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ကုန်တင်ကုန်ချ စခန်းအနီး ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားတဦးကို ဆိုင်ကယ်စီးနင်းလာသူ အမည်မသိ လက်နက်ကိုင်နှစ်ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။