ဆန်ဈေး၊ ဆီဈေး မိုးပေါ်ရောက်ပြီး ငွေတွင်းက အဝီစိရောက်နေချိန် ပြည်သူတွေမှာ နူရာဝဲစွဲ လဲရာသူခိုးထောင်းအဖြစ်နဲ့ ဒုက္ခပေါင်းစုံ ခါးစည်းခံနေရချိန် နိုင်ငံ့ခေါင်းဆောင်လို့ ဘယ်သူမှ မတင်မြှောက်ပဲ သူ့ကိုယ်သူ ဘွဲ့တွေပေး ရွှေစလွယ်ကြီးလွယ် နိုင်ငံ့ဦးသျှောင်အဖြစ်ခံယူထားတဲ့ အကြီးစား အာဏာရူးသူခိုးက ပြည်သူကို လူလို့မသတ်မှတ် ထင်ရာစိုင်းလုပ်ချင်ရာကို အရူးချီးပန်း လုပ်တဲ့အထဲမှာ ဆင်မွေးနေ့နဲ့ ဘုရားတည်တာအကြောင်းပြကာ ငွေစက္ကူအသစ်ထုတ်လိုက်ကြောင်း အရှက်မဲ့စွာ ဇူလိုင် ၂၃ ရက်နေ့က စစ်တပ်လက်အောင်ခံ သတင်းဌာနတွေကနေ ပြည်သူတွေကိုအသိပေးထုတ်ပြန်ကြေညာခဲ့တယ်။
ပြည်သူတွေမှာ စစ်ဘေး၊ အငတ်ဘေး၊ သဘာဝဘေး၊ ကပ်ဘေးအမျိုးအမျိုးခံစားနေရချိန် စီးပွားရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး ကျပ်တည်းနေတဲ့ ခေတ်ပျက်ကာလမှာ ဆက်သွယ်ရေး တယ်လီဖုန်း အော်ပရေတာတွေကလည်း ဆင်းကတ်မှတ်ပုံတင်ပါ၊ တော်လှန်ရေးအဖွဲ့တွေနဲ့ မပတ်သက်ပါနဲ့၊ သတိပေးစာတွေ စစ်တပ်အလိုကျ နေ့စဉ်ပေးပို့ခြိမ်းခြောက်ခဲ့ပါတယ်။ မြို့ကြီးတွေကလွဲပြီး ကျေးလက်ဒေသတွေကိုအင်တာနက်လိုင်းတွေဖြတ်တောက်၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသတင်းမှ သိရှိခွင့်မရ၊ စစ်တပ်ရဲ့ သတင်းအမှောင်ချမှုမှာ ပါဝင်ပတ်သက်နေတဲ့ အဓိကတရားခံတွေအဖြစ်နဲ့ ဖုန်းဘေကအဖြတ်ကြမ်းတယ်၊ ဟိုဝန်ဆောင်မှု၊ ဒီဝန်ဆောင်မှုတွေ စာတိုပို့ပြီးခိုးယူတယ်၊ တော်လှန်ရေးသတင်းတွေ မစီးဆင်းနိုင်အောင်ပိတ်ဆို့ထားကာ၊ သေနတ်ကိုင်ထားတဲ့ စစ်တပ်ကိုပဲ ကြောက်တဲ့အော်ပရေတာတွေနဲ့ ပြည်သူမျက်နှာမမူတဲ့ ဌာနတွေ ပြင်းပြင်းထန်ထန်အရေးယူသင့်ပါပြီ။
နိုင်ငံတော်ကို အခွန်အခပေးထားရတာ အရှုံးမခံနိုင်ဘူးဆိုရင်လည်း စားသုံးသူ ပြည်သူတွေကို လူသားချင်းစာနာစွာ ဆောင်ရွက်သင့်ပါတယ်။ စစ်တပ်အလိုကျ ဆောင်ရွက်တာကတော့ တရားမဲ့လွန်းတယ်၊ သုံးစွဲသူတွေကို မသုံးလည်းပေး၊ သုံးလည်းပေးဆိုတဲ့ အနေအထားမျိုး ဖြစ်နေတယ်၊ ပိုဆိုးတာက ဖွင့်လိုက်ပိတ်လိုက် ပေါ်လိုက်ပျောက်လိုက်နဲ့ ပြည်သူကို အထင်သေး အနိုင်ကျင့် စော်ကားရာရောက်နေတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ဆက်သွယ်ရေးအော်ပရေတာတွေ မင်းအောင်လှိုင်ကို သခင်အမှတ်နဲ့ ဒီနေ့အထိ မတရားအာဏာသိမ်းစစ်တပ်အလိုကျ ဆောင်ရွက်နေတာတွေ ရပ်သင့်ပြီ တော်လှန်ရေးကာလ ပြီးဆုံးချိန် အဲ့ဒီအကျိုးဆက်တွေ ပြန်ပေးဆပ်ကြရပါလိမ့်မယ်။ မြန်မာနိုင်ငံအတွင်းမှာ ဘက်ပေါင်းစုံက အဖိနှိပ်ခံနေရကာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ပြည်သူတွေမှာ ဒီနေ့ဒီအချိန် အလူးအလဲခံနေကြရတာကို မျက်ကွယ်ပြုလွန်းတယ်။
အခုဆို မတရားအာဏာသိမ်းစစ်အုပ်စုက ရိုက်နှိပ်ထုတ်ဝေမယ့် ငွေစက္ကူတွေ ပြည်သူတွေထံ မရောက်သေးဘူး ဒေါ်လာဈေး၊ ရွှေဈေး၊ ရေနံဈေးတရိပ်ရိပ်နဲ့ တက်လာပြီ (အရင်ကလည်းတက်တာပါပဲ အခုတော့ပိုတက်လို့ကောင်းသွားပါပြီ)။ ရွှေဆိုင်တွေ မဖွင့်တော့ဘူး ပိတ်ထားကြပြီ၊ လကုန်လို့ ငွေစက္ကူအသစ်တွေ ဝန်ထမ်းတွေကို လစာငွေအဖြစ်ပေးပြီး ပြည်သူတွေထံ စီးဆင်းဝင်ရောက်လာပါတော့မယ်။ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာပါလိမ့်မယ်။ မြန်မာငွေစက္ကူတွေတန်ဖိုးမရှိတော့လောက်အောင် ဖေါင်းပွ လာပါလိမ့်မယ်။ ငါးဆယ်တန်၊ တစ်ရာတန်ငွေစက္ကူ ကလေးတွေ မုန့်ဖိုးပေးလို့တောင် မယူကြတော့ပါပါဘူး၊ ငါးရာတန် တထောင်တန်ဟာ အသေးသုံး ငွေစက္ကူဖြစ်နေပါပြီ၊ နောင်မကြာမီ ငါးထောင်တန်ငွေစက္ကူက အသေးသုံး ငွေစက္ကူဖြစ်လာပါလိမ့်မယ်။
ဒီကြားထဲ ဝိသမလောဘသား အမြတ်ကြီးစား လုပ်ငန်းရှင်တွေကအနိမ့်ဆုံးဈေးနဲ့ဝယ် အမြင့်ဆုံးဈေးနဲ့ ပြန်ရောင်းချကာ ခေတ်ပျက်သူဌေးတွေ ပေါ်ပေါက်လာပါတော့မယ်။ ရွှေလောက ရွှေကုန်သည်တွေ အထူးသတိထားကြရပါတော့မယ်။ ကမ္ဘာမှာ ရွှေကအမာဆုံး စိတ်အချရဆုံး ကုန်ပစ္စည်းဖြစ်တယ်။ အာဏာသိမ်းစစ်အစိုးရက ဒေါ်လာအစား ရွှေကို သည်းကြီးမည်းကြီး ရှာဖွေအသုံးပြုကြပါလိမ့်မယ်။ ရွှေဈေးထိန်းချုပ်သလိုနဲ့ ရွှေတွေသူတို့ထံစီးဝင်လာအောင် နည်းမျိုးစုံနဲ့ ဖန်တီးရယူကြပါလိမ့်မယ်။ အခုဆို ရွှေလုပ်ငန်းဟာ မှောင်ခိုလုပ်ငန်းဖြစ်မှန်းမသိဖြစ်လာပါပြီ။ ငွေစက္ကူအသစ်ထုတ်မယ့် ဂယက်ကြောင့် ရွှေအရောင်းအဝယ်သမားတွေ နေ့စဉ် ရွှေဈေးနှုန်း သက်မှတ်ဖို့ ခက်ခဲလာပါပြီ အဲ့တော့ ဒီနေ့ရွှေဈေးနှုန်းဟာရောင်းသူ၊ ဝယ်သူရဲ့ ပါးစပ်ထဲမှာရှိပြီး ကြိုက်ရောင်း၊ကြိုက်ဝယ်အခြေအနေပါပဲ အာဏာသိမ်း စစ်တပ်ကတော့ ရွှေဈေးထိန်းချုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွှေသမားတွေကို ဖမ်းဆီးအရေးယူပါလိမ့်မယ်။ သူတို့သတ်မှတ်တဲ့ဈေးနဲ့ရောင်းရပါလိမ့်မယ်၊ သတ်မှတ်ဈေးနဲ့ မရောင်းဘူးဆိုရင်ဖမ်းဆီးပါလိမ့်မယ်။ ပြီးရင် သူတို့သတ်မှတ်တဲ့ဈေးနဲ့ သူတို့လူ လုပ်ငန်းရှင်သူဌေးက ဝယ်ပါလိမ့်မယ်၊ အဲ့ဒီရွှေဟာ မင်းအောင်လှိုင် စစ်အုပ်စုဆီမှာ ဂိတ်ဆုံးသွား ပါလိမ့်မယ်။
ငွေစက္ကူအသစ်နဲ့ သူ့ကိုကျွန်ခံနေသူတွေကို လစာပေးမယ်၊ အဲ့ဒီငွေစက္ကူအသစ်နဲ့ပဲ ရွှေနဲ့ လက်နက်ခဲယမ်းဝယ်ယူပါလိမ့်မယ်။ ငွေအစား ရွှေနဲ့ အပေးအယူလုပ်ပါလိမ့်မယ်။ ရွှေဈေးနဲ့အပြိုင် ဒေါ်လာဈေး ရေနံဈေးတက်လာတာနဲ့အမျှ သယ်ယူပို့ဆောင်ရေးစားရိတ်တက်လာပါမယ် သယ်ယူစားရိတ်နဲ့အညီ ကုန်ဈေးနှုန်းတက်လာပါလိမ့်မယ်၊ တက်လာတဲ့ကုန်ဈေးနှုန်းက မကြားဘူး မကြုံဘူးတဲ့အထိမြင့်တက်လာမှာဖြစ်တယ်။ အခြေခံလူတန်းစား တစ်နေ့လုပ် တနေ့စား နင်းပြားဆင်းရဲသားတွေ ကျောကော့အောင်ခံကြရပါလိမ့်မယ်။ အရင်က ၅၀ တန် စားစရာက အခု ၁၀၀ ပေးဝယ်နေရပြီ၊ အရင်က ဒီဇယ် တစ်ပေပါ ၂ သိန်းကျော်ပေးရရင် အခု ၄ သိန်းကျော်ပါလိမ့်မယ်။ ရွှေ တစ်ကျပ်သား အရင်က ၁၅ သိန်းကျော်ရင် အခု သိန်း ၃၀ ကျော်ပေးရပါလိမ့်မယ်။ နောက်မကြာခင်မှာ ဒီထက်မက တက်လာတော့မှာမို့ တုံးအောက်က ဖားတွေလို ပြားတဲ့ဖားက ဖေါင်းလာစရာကို ရှိတော့မှာမဟုတ်ပါဘူး၊ အဓိကအခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်တစ်အိတ်ဈေးနှုန်းဟာ ကျုပ်တို့ ခဗျားတို့ရဲ့ နှဖူးကချွေး ဟိုး .. အဝီစိထိကျအောင် တစ်လလုံးရှာတဲ့တစ်လစာလောက်ရှိနေပြီ၊ ရှေ့လျှောက် ငတ်ဖို့ပဲရှိတော့တယ်၊ တိုင်းရင်းသားဒေသတစ်ခုမှာ ဆန်နဲ့ပြောင်းဖူး ရောချက်စားနေရတယ်လို့ သတင်းတွေ့လိုက်တယ်၊ အလွယ်ခေါ်ရရင် ပြောင်းထမင်းစားနေကြရပြီ။
ကုလသမဂ္ဂလက်အောက်ခံ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အဖွဲ့ကြီးက မြန်မာပြည်မှာ စစ်တပ် အာဏာသိမ်းကာစတုန်းက ထုတ်ပြန်ပြောဆိုခဲ့တယ်၊ မြန်မာပြည်သူတွေ ငတ်မွတ်ခေါင်းပါးပြီး အစာရေစာ ရှားပါးပြတ်လပ် တာတွေကြုံတွေ့ရနိုင်တယ်လို့ ဆိုတယ်။ အခုကြုံတွေ့နေပါပြီ။ လူမဆန်တဲ့ အာဏာရှင်တွေရဲ့ စနစ်ဆိုးကြီးကို ဒီအချိန်မှ မတွန်းလှန်နိုင်ရင်ဖြင့် နောက်ထပ် နှစ်ပေါင်းများစွာ ဘဝပေါင်းများစွာ ငတ်တလှည့်ပြတ်တလှည့်နဲ့ လူလိုမနေရ လူလိုမစားရတဲ့ဘဝကနေ လွတ်မြောက်ဖို့ နိုင်ရာတာဝန်ထမ်းပြီး စနစ်ဆိုးကြီးနဲ့အတူ ခေတ်ပျက်သူခိုးတွေ အာဏာရူးသူခိုးတွေကို အမြစ်ပြတ် တိုက်ထုတ်ကြပါစို့လို့ တိုက်တွန်းရင်း ...။