ကျူးဘားငွေကြေး ပီဆိုတန်ဖိုးဟာ ဩဂုတ် ၂ ရက်က ပြင်ပအလွတ်ဈေးကွက်မှာ ၁ ဒေါ်လာကို ပီဆို ၂၃၀ နှုန်းနဲ့ စံချိန်တင် အနိမ့်ဆုံးနှုန်းနဲ့ အရောင်းအဝယ် ဖြစ်ခဲ့တာကြောင့် ၁ နှစ်အတွင်း တန်ဖိုးထက်ဝက် ကျဆင်းသွားတာဖြစ်ပြီး ကျူးဘားပြည်သူတွေဟာ ငွေကြေးဖောင်းပွမှုနဲ့ ကုန်ပစ္စည်းရှားပါးမှုတွေကို ရင်ဆိုင်ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
ပြင်ပငွေလွှဲနှုန်းကို အစိုးရက တရားမဝင်ဘူးလို့ ယူဆထားပေမဲ့ အဲဒီ အလွတ်ဈေးကွက်ကိုလည်း ပိတ်လို့မရနိုင် ဖြစ်နေတာပါ။
နိုင်ငံတော်က တဒေါ်လာကို ပြည်တွင်းသုံးငွေ ပီဆို ၁၂၀ နှုန်းနဲ့ လဲလှယ်ဖို့ တရားဝင် သတ်မှတ်ထားပေမဲ့ အဲဒီနှုန်းနဲ့လဲလှယ်သူ မရှိသလောက် နည်းပါးပါတယ်။
ပီဆိုငွေကြေးတန်ဖိုး ကျဆင်းမှုဟာ အကန့်အသတ်မဲ့ ရောင်းဝယ်လဲလှယ်နိုင်တဲ့ နိုင်ငံခြားငွေ နည်းပါးတာနဲ့ ထုတ်လုပ်မှု ကျဆင်းတာတို့ကြောင့် ကွန်မြူနစ်အုပ်ချုပ်တဲ့ နိုင်ငံမှာ ၄ နှစ်ကြာ နက်ရှိုင်းတဲ့ အကျပ်အတည်းကို ထင်ဟပ်စေတယ်လို့ ကျူးဘားစီးပွားရေးပညာရှင်တွေက ပြောပါတယ်။
အာဏာပိုင်တွေကတော့ ဒီအကျပ်အတည်းအတွက် ပိုတင်းကျပ်တဲ့ အမေရိကန် ပိတ်ဆို့မှုတွေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို အဓိကထား အပြစ်တင်နေကြပေမဲ့ ဝေဖန်သူတွေကတော့ စျေးကွက်ကိုဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေရဲ့ နှေးကွေးမှုကို ထောက်ပြကြပါတယ်။
ပီဆိုတန်ဖိုး ကျဆင်းနေချိန်မှာ ဒေါ်လာနဲ့တင်သွင်းရတဲ့ ကုန်ပစ္စည်းအများအပြားရဲ့ ပြည်တွင်းကုန်ကျစရိတ်ကလည်း မြင့်တက်လာတာပါ။
ကျူးဘားလူဦးရေ ၁၁ သန်းရဲ့ ၄၀ ရာခိုင်နှုန်းဟာ ပီဆိုငွေကြေးကိုသာ လုံးလုံးလျားလျား မှီခိုနေရပြီး ဒေါ်လာကို သုံးစွဲခွင့်မရှိဘူးလို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
Source - Reuters