စစ်ကိုင်းတိုင်းအထက်ပိုင် ကသာမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး ရွာသားတချို့ကို ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ ကသာမြို့နယ် ပ.က.ဖ ကနေ သိရပါတယ်။
မန္တလေးမြို့ကနေ ဗန်းမော်မြို့ကို ဦးတည်လာတဲ့ စစ်ကောင်စီသင်္ဘောတွေရဲ့ လုံခြုံရေးအတွက် ကသာမြို့နယ်ကို ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေက ဧရာဝတီမြစ်အရှေ့ခြမ်းက ကျောက်ထုံးကြီးကျေးရွာကို ဇူလိုင် ၃၁ ရက်မှာ မီးရှို့ခဲ့ပြီး အနောက်ခြမ်းက ချောင်းဝကျေးရွာက နေအိမ်တွေကိုတော့ ဇူလိုင် ၂၉ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရွာသားပြည်သူတချို့ကို ကျေးရွာဘုန်းကြီးကျောင်းမှာ ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ ကသာမြို့နယ် ပ.က.ဖ တာဝန်ခံက ပြောပါတယ်။
“အရှေ့ခြမ်း ကျောက်ထုံးကြီးဘက်ရောက်နေတဲ့ အဖွဲ့တွေကတော့ ငအိုး ၁၂၁ က အဖွဲ့တွေဖြစ်မယ်။ အဲ့စစ်ကြောင်း(စကစ) ရောက်လာပြီး ရွာကိုမီးရှို့တယ်။ တချို့က စစ်ကြောင်းဝင်လာလို့ ထွက်ပြေးနိုင်တဲ့သူတွေက တိမ်းရှောင်နိုင်တယ်ပေါ့။ ရွာမှာ ကျန်ခဲ့တဲ့သူတွေကိုတော့ ရွာက ဘုန်းကြီးကျောင်းမှာ စုပြီး ဖမ်းထားတယ်ကြားတယ်။ အဆက်အသွယ်လည်း မရသေးဘူး။ အနောက်ခြမ်းဘက်မှာလည်း ချောင်းဝရွာကို ဝင်ရှို့ထားတယ်။”
မီးရှို့ခံရတဲ့ ကျေးရွာနှစ်ရွာ ပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ရှိနေသေးတာကြောင့် နေအိမ်ဘယ်လောက် လောင်ကျွမ်းသွားတယ် ဆိုတာကိုတော့ မသိရသေးသလို ကျောက်ထုံးကြီးကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးထားတဲ့ ပြည်သူတွေနဲ့လည်း အဆက်အသွယ်မရ ဖြစ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ မိုးများပြီး မြစ်ရေပြင်ကျယ်ပြန့်လာတဲ့ အချိန်မှာ ရေလမ်းကြောင်းကနေ မြန်မာပြည်အထက်ပိုင်းကို ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်လေ့ရှိပြီး သင်္ဘောလုံခြုံရေးအတွက်လည်း မြေပြင်စစ်ကြောင်းတွေကို မြစ်ဘေးဝဲယာ ချထားလေ့ရှိသလို ကသာမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိတယ်လို့လည်း ပ.က.ဖတာဝန်ခံကနေ သိရပါတယ်။
ဩဂုတ် ၂ ရက်ကလည်း ထီးချိုင့်မြို့နယ်ထဲကို ရောက်လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို တကောင်းနဲ့ ထီးချိုင့်ကြားမှာ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့ပေမဲ့ ထိရောက်မှုတော့ မရှိဘူးလို့ သိရပါတယ်။
စစ်ကောင်စီသင်္ဘောဟာ ထီးချိုင့်မြို့ဆိပ်ကမ်းနဲ့ မြတောင်ဘက်ခြမ်းမှာ ဆိုက်ကပ်ခဲ့ပြီး ဩဂုတ် ၃ ရက် မနက်ပိုင်းမှာ ဗန်းမော်မြို့ဘက်ကို ဦးတည်ပြီး ပြန်လည်ဆန်တက်လာနေတယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေကနေ သိရပါတယ်။
စစ်ကောင်စီသင်္ဘောအုပ်စုမှာ သင်္ဘော ၉ စီးပါဝင်ပြီး ၂ စီးကိုတော့ တွဲခေါ် ခုတ်မောင်းလာတယ်လို့ ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ သိရပါတယ်။
သင်္ဘောလုံခြုံရေးယူတဲ့ စစ်ကောင်စီစစ်ကြောင်းတွေက ဧရာဝတီမြစ်အနောက်ခြမ်းက စစ်ကိုင်းတိုင်းအဆုံး ချောင်းဝရွာပတ်ဝန်းကျင်၊ ကချင်ပြည်နယ် မင်းကျောင်းကုန်းကျေးရွာ တွေနဲ့ ဧရာဝတီအရှေ့ခြမ်းက ကျောက်ထုံးကြီးကျေးရွာ ပတ်ဝန်းကျင်တွေမှာ ရောက်ရှိနေတယ်လို့လည်း ကသာမြို့နယ် ပ.က.ဖ တာဝန်ခံတွေကနေ သိရပါတယ်။