စစ်ကိုင်တိုင်းအထက်ပိုင်း ကသာမြို့နယ်ထဲမှာ ဗန်းမော်မြို့ကနေရောက်ရှိနေတဲ့ စစ်ကောင်စီ သင်္ဘောတွေ စက်တင်ဘာ ၂၄ ရက် မနက် ပြန်လည်စုန်ဆင်းသွားတဲ့အချိန် သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး ထိခိုက်ပျက်စီးတယ်လို့ ကသာမြို့နယ်က ပ.က.ဖ တာဝန်ရှိသူတယောက်ဆီက ပြောပါတယ်။
“မနက်ပိုင်း သင်္ဘောပြန် စုန်ဆင်းတော့ သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်လို့ ကသာမြို့နယ် ကျောင်းထုံးကြီးတိုက်နယ်ထဲက သဖန်းတောင့်ရွာက အသက်(၆၀)အဘွားအိုတစ်ယောက် ပေါင်နဲ့ခါးမှာကျည်ထိမှန် ဒဏ်ရရတာရှိတယ်၊ နေအိမ် ၃ လုံးလည်း လက်နက်ကြီးထိလို့ ပျက်စီးသွားတယ်။”
စက်တင်ဘာ ၂၃ ရက်ကလည်း စစ်ကောင်စီ သင်္ဘောအုပ်စု ကသာမြို့နယ်ထဲကို ဝင်ရောက်လာတဲ့ အချိန် သင်္ဘောလုံခြုံရေးယူပေးတဲ့ Y-12 လေယာဉ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ မီးလောင်ပျက်ဆီးခဲ့ပါသေးတယ်။
စစ်ကောင်စီ သင်္ဘောအုပ်စုက ထီးချိုင့်မြို့နယ်ထဲကို စက်တင်ဘာ ၂၄ ရက် ညနေပိုင်း ဝင်ရောက်လာပြီးနောက် ထီးချိုင့် တံတား တဖက်ကမ်း မြင်တောင်ဘက်ခြမ်းကို Y-12ပေါ်ကနေ ဗုံးသီးတွေ ချပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတယ်လို့ သိရပါတယ်။
ဗန်းမော်မြို့ကနေ မြစ်ကြောင်းတလျှောက် ဆင်းလာတဲ့ စစ်ကောင်စီ သင်္ဘောအုပ်စုမှာ ကမ်းထိုးယာဉ် ၂ စီး၊ တိုက်သင်္ဘော ၁ စီးနဲ့ တွဲသင်္ဘော ၃ စီးဖြစ်တယ်လို့ Tigyaing Revolution-TR ကနေ သိရပါတယ်။
စစ်ကောင်စီ သင်္ဘောအုပ်စုက ထီးချိုင့်ကနေ တကောင်းဘက်ကို ပြန်လည်စုန်ဆင်းနေပြီး လုံခြုံရေးယူပေးတဲ့ Y-12 လေယာဉ်ကနေလည်း မြစ်ကြောင်းတလျှောက် ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။