Home
မြန်မာသတင်း
မြန်မာစစ်ဘေးရှောင်များ ခိုလှုံနေသည့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်တွင် ရေကြီးမြေပြို 
DVB
·
August 3, 2023
Mal Haung Saung Camp Water Float 1
Mal Haung Saung Camp Water Float 2
Mal Haung Saung Camp Water Float 3
Mal Haung Saung Camp Water Float 4

ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင်၊ ဆုပ်မွေးမြို့နယ်၊ မဲ့ဆမ်လဲ့ပ်အုပ်စုထဲက မြန်မာ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ မယ်တော်လကျေးရွာမှာ ဩဂုတ် ၃ ရက် ဒီကနေ့မနက်စောစောက ရေကြီး မြေပြိုပြီး  လူ ၁ ဦးသေဆုံး ၊ နေအိမ် ၁၂ လုံးပျက်စီးကာ အိမ်ထောင်စုဝင် ၈၃ စု ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့  The Reporters ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဇူလိုင် ၃၁ ရက်ကတည်းကစတင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဒီမနက်မှာတော့ တောင်ကျချောင်းရေလျှံကာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာပါ။

မဲ့စရီးယန်းနဲ့ မဲ့ဆမ်လဲ့ပ်ကြား ကားလမ်းပေါ်မှာ မြေပြိုတာ၊ သစ်ပင်ကြီးတွေ လဲပြိုတာ၊ လမ်းဘေးဓာတ်မီးတိုင်တွေ လဲကျလို့ လောလောဆယ် အဲဒီလမ်းတွေ ပိတ်နေသလို အတွင်းပိုင်းက ကျေးရွာတွေထဲလည်း ဝင်ထွက်လို့မရဘူးလို့  မဲ့ဆမ်လဲ့ပ်အုပ်စု စီမံရေးရာဌာနမှူး နိုင်းဖုန်းဖိဖတ် မီဘက်ကျမတ်က သတင်းထောက်တွေကို ပြောပါတယ်။ 

ဓာတ်တိုင်လဲလို့ အနီးနားတဝိုက်ကျေးရွာတွေမှာ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေကြောင်း၊ ဒါကြောင့် မော်တော်ဆိုင်ကယ်နဲ့ သွားလာဆက်သွယ်နေရကြောင်း၊ တောင်ကျချောင်းရေနဲ့ မြေပြိုမှုအဆိုးရွားဆုံးမှာ မယ်တော်လကျေးရွာမှာဖြစ်ပြီး လူ ၁ ဦး သေဆုံးကာ ထိခိုက် ဒဏ်ရာရသူတွေရှိတယ် ၊ နေအိမ် ၁၂ လုံး ပျက်စီးသွားတယ်လို့  ဆိုပါတယ်။ 

မဲ့ဆမ်လဲ့ပ်အုပ်စုထဲမှာ စစ်ဘေးရှောင်ဒုက္ခသည်အပါအဝင် ရွာသားပေါင်း ၁၀၀၀၀ ကျော်နေထိုင်ပြီး အနိမ့်ပိုင်းက အိမ်ထောင်စုပေါင်း ၈၃ စုကို ဘေးလွတ်ရာ စာသင်ကျောင်းတွေမှာ ယာယီရွှေ့ပြောင်းထားတယ်လို့  အုပ်စုစီမံရေးဌာနက ပြောပါတယ်။ 

အိမ်ထောင်ပရိဘောဂပစ္စည်းတွေကိုတော့ သယ်ထုတ်လို့မရသေးကြောင်း၊ ရေဘေးသင့်ပြည်သူတွေဟာ စားရေးသောက်ရေးအတွက်လည်း ခက်ခဲနေလို့  အကူအညီရဖို့ မြို့နယ်အုပ်ချုပ်ရေးရုံးကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။ 

လမ်းပန်းဆက်သွယ်ရေးတွေ ပြန်လည်ကောင်းမွန်အောင် သက်ဆိုင်ရာက အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပေးနေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လက  ကရင်နီ(ကယား)ပြည်နယ်၊ မယ်စဲ့မြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန် ဖြစ်ပွားတာကြောင့်  ဒေသခံရွာသားတွေ ၁၀၀၀၀ နီးပါး  ထိုင်း-မြန်မာနယ်စပ်ကို ဖြတ်ကျော် စစ်ဘေးရှောင်လာပြီး မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ယာယီစခန်းတွေမှာ ခိုလှုံနေကြရတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024