ရန်ကုန်၊ သာကေတမြို့နယ်၊ ၆ ရပ်ကွက်၊ မြင်တော်သာလမ်းမကြီး၊ ဘုရားလမ်းသွယ်ထိပ်ရှိ ဓာတ်တိုင်မှာ ဩဂုတ် ၂ ရက် ညနေပိုင်းက လူ သုံးယောက် ဓာတ်လိုက်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲ့ဒီညနေ ၄ နာရီခန့်မှာ ဝိုင်ဖိုင်တပ်ဆင်ရေး လုပ်ငန်းတခုက အမျိုးသား သုံးယောက်ဟာ ဓာတ်တိုင်ပေါ်က ဝိုင်ဖိုင်ကြိုးတွေကို တက်ရောက်ပြုပြင်ခဲ့ရာက ဓာတ်လိုက်ခံခဲ့ရတာပါ။
မြို့ခံကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “နှစ်ယောက်က အသက် ၂၀ ကျော်၊ တယောက်က ၄၀ နီးပါးလောက်ရှိမယ်၊ မိုးရွာပြီးခါစ ဓာတ်တိုင်မှာ ဝိုင်ဖိုင်ကြိုးဆွဲရင်း ဓာတ်လိုက်ပြီး အောက်ပြုတ်ကျတာ၊ ရှော့ခ်ဖြစ်ထားလို့ မီးလောင်ဒဏ်ရာတွေ ရထားတယ်၊ စံပြဆေးရုံကြီးကို ပို့ပေးထားတာပါ” လို့ ပြောပါတယ်။
ဓာတ်လိုက်ခံခဲ့ရတာကြောင့် အသက် ၂၀ အရွယ် အမျိုးသား နှစ်ယောက် လက်ကျိုးဒဏ်ရာ၊ အရေပြားလောင်ကျွမ်း၊ မေးစေ့ကွဲဒဏ်ရာတွေ ရရှိခဲ့ပြီး အသက် ၄၀ အရွယ်ရှိ အမျိုးသား တယောက်က ခြေထောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
လူသုံးယောက် ဓာတ်လိုက်ခံရကြောင်း အနီးအနားနေသူတွေက သက်ဆိုင်ရာနဲ့ ကယ်ဆယ်ရေး အသင်းတွေကို အကြောင်းကြားခဲ့တာဖြစ်ပြီး သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၊ ပေးဆပ်သူတို့နှလုံးသား ပရဟိတအသင်း၊ အောင်သပြေ လူမှုကူညီရေးအသင်းတို့က လူနာတင်ယာဉ်တွေနဲ့ သင်္ဃန်းကျွန်း စံပြဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
ဓာတ်ပုံ - သာကေတ ကယ်ဆယ်ရေး