ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့၊ မူယာပင်ရပ်ကွက်ရှိ ရွှေမောင်းတုန်းကျောင်းတိုက်က စစ်ကောင်စီထောက်ခံတဲ့ အရှင်သူရဓဇ (ခ) ပြည်တော်သိင်္ခ ဘုန်းကြီးကို စစ်တပ်က ဖမ်းဆီးလူဝတ်လဲပြီး ထောင်အချုပ်ကို ပို့လိုက်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဇူလိုင် ၁၀ ရက်မှာ ပြည်တော်သိင်္ခဘုန်းကြီးကို သူသီတင်းသုံးရာ ရွှေမောင်းတုန်းကျောင်းတိုက်မှာ စစ်တပ်က ဝင်ရောက်ဖမ်းဆီးစဉ် မတွေ့ရှိခဲ့ဘဲ အိမ်စီးကားနဲ့ မကွေးတိုင်း၊ အောင်လံမြို့ဘက် ထွက်ပြေးတိမ်းရှောင်ရာမှာ မြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးမိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
မူယာပင်ရပ်ကွက်အတွင်း နေထိုင်သူတဦးက “ကျောင်းမှာ စစ်တပ်ကကောင်တွေ လာဖမ်းတော့ မမိဘူး။ ဘုန်းကြီးက ရှောင်နေတာ။ အဲ့ဒီနေ့မှာပဲ အောင်လံဘက်မှာ ဖမ်းမိပြီး ခံဝန်ထိုး ကျောင်းပြန်လာနေတာ။ နောက်နေ့ကျ စစ်သားနဲ့ ရဲအများကြီး ရောက်လာပြီး ထပ်ဖမ်းသွားတယ်။ လူဝတ်လဲပြီး ထောင်ကြီးချုပ်ကို ပို့ခံလိုက်ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပြည်တော်သိင်္ခ ဘုန်းကြီးဟာ မြို့နယ်စစ်ကောင်စီ ကိုးကွယ်နေတဲ့ ဘုန်းကြီးကို ဝေဖန်မိလို့ ပုဒ်မ ၆၆(ဃ) အမှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး သာသနာညှိုးနွမ်းစေမှု ပုဒ်မ - ၂၉၅ နဲ့ လူဝတ်လဲကာ ဖမ်းဆီး အကျဉ်းကျခံထားရတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ ပြည်တော်သိင်္ခဘုန်းကြီးဟာ စစ်ကောင်စီက အာဏာသိမ်းအပြီး တော်လှန်တဲ့ ပြည်သူတွေကို အံ့ဘုန်းသွင်နဲ့ မြလတ်မင်း တယ်လီဂရမ်ချန်နယ်ကို အသုံးပြုပြီး ဖမ်းဆီးစာရင်းတွေကို စစ်ကောင်စီထံ ဓာတ်ပုံနဲ့တကွ တိုင်တန်းခဲ့သူဖြစ်သလို ဖမ်းဆီးခံရသူတွေကိုလည်း ငွေကျပ် ၁၀ သိန်းအထက်ယူကာ လွတ်မြောက်ဖို့ လိုက်ပါဆောင်ရွက်တာတွေ ရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Photo - Cj