ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်မှာ သြဂုတ် ၂ ရက် မနက်က စစ်ကောင်စီတပ်နဲ့ မြို့မပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံရင်းမြစ်ဆီက သိရပါတယ်။
စယ်လန့်၊ အောက်တုန့်ခံနဲ့ လွယ်တေးမိန်တောင်ကြောကို ဒီမနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်က ၁၀၅ မိုင်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတွေ ထိတ်လန့်ခဲ့ပြီး ယာဥ်လမ်းကြောတွေ ပိတ်ဆို့ခဲ့တယ်လို့ သိရပါတယ်။
လားရှိုး မူဆယ်လမ်းကြောပြေးဆွဲနေတဲ့ ကားဆရာတစ်ဦးက “စယ်လန့်၊ နမ့်အွမ်ဆိုင်းခေါင်ရွာတွေမှာ စစ်ပြန်မဖြစ်တာ ကြာပြီ။ အရင်လကစပြီး တိုက်ပွဲတွေဖြစ်နေတာ။ လူသေတာ လေးယောက်လောက်ရှိပြီ ထင်တယ်။ အခုလည်း ၁၀၅ မိုင်မှာ ကားတွေ ပေးမဖြတ်ဘူး။ တချို့ပြန်လှည့်ကုန်ပြီ”လို့ ပြောပါတယ်။
ဒီကနေ့ ဖြစ်ပွားတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေမှာ နှစ်ဖက်တပ်တွေ ထိခိုက်ဒဏ်ရာရ သေဆုံးမှု အခြေအနေကိုတော့ လတ်တလော မသိရသေးပါဘူး။
ဇူလိုင် ၂၅ ရက်ကလည်း တီးမဒေသခံ အရပ်သား ကချင်လူငယ် နှစ်ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ပြီးနောက် စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်တွေကနေ TNLA ဘက်က ကျဆုံးတပ်သားအသွင်နဲ့ ယူနီဖောင်းဝတ်ပေးပြီး သတင်းမှာ ဖြန့်ဝေခဲ့ပါတယ်။
ဇူလိုင် ၂၉ ရက်ကလည်း ကွတ်ခိုင်မြို့နယ် မန်နောင်က အရပ်သား ၂ ဦး ဖမ်းဆီးခံရပြီး ဇူလိုင်လအတွင်းမှာပဲ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပလောင်ဒေသခံ အမျိုးသမီး ၁ ဦး၊ ကချင်လူငယ် ၁ ဦး သေဆုံးကာ နမ့်အွမ်ဆိုင်းခေါင်မှ ဒေသခံအရပ်သား ပလောင်အမျိုးသား ၁ ဦး သေဆုံးခဲ့ပါတယ်။
နမ့်အွမ်ဆိုင်းခေါင်က သေဆုံးသူအမျိုးသားအလောင်းကိုတော့ စစ်တပ်က သယ်ယူသွားပြီး တီးမဒေသခံ ကချင်လူငယ်နှစ်ဦးရဲ့ အလောင်းတွေနဲ့အတူ စစ်ကောင်စီ ဝါဒဖြန့်ချယ်နယ်တွေမှာ TNLA တပ်ဖွဲ့ဝင် ကျဆုံးသူအဖြစ် သတင်းဖြန့်ခဲ့ပါတယ်။
ဇူလိုင် ဒုတိယပတ်ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ သိန္နီ၊ လားရှိူး၊ မူဆယ် တကြောမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ KIA၊ TNLA၊ MNDAA အဖွဲ့တွေနဲ့ နေ့စဥ်နီးပါး ထိတွေ့ တိုက်ပွဲဖြစ်နေပါတယ်။
ဓာတ်ပုံ - CJ