မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာရှိတဲ့ ရော်ဘာစက်ရုံကထွက်တဲ့ အနံ့ဆိုးတွေကြောင့် ကျန်းမာရေး ထိခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရော်ဘာစက်ရုံဟာ မော်လမြိုင်မြို့ ကျောက်တန်းစက်မှုဇုန် ဇီးကုန်းဘုန်းကြီးကျောင်း အနောက်မှာ တည်ရှိပါတယ်။
ရော်ဘာစက်ရုံက ကားတာယာအဟောင်းတွေကို မီးရှို့ပြီး ရော်ဘာကျိုတာကြောင့် ညှော်နံ့တွေ အရမ်းထွက်ပြီး အနီးအနားရှိ ဒေသခံတွေဟာ အသက်ရှူမဝတာ၊ ရင်ကျပ်တာ၊ ရင်ဘတ်အောင့်တာ၊ ချောင်းဆိုးတာတွေနဲ့ မူးဝေတာတွေပါ ဖြစ်နေပါတယ်။
စက်ရုံနဲ့ကပ်လျက်မှာရှိတဲ့ ရွာခံတဦးက “အနံ့က အရမ်းထွက်တဲ့အချိန်ဆို ကလေးကော လူကြီးကော အဆင်မပြေဘူး။ အသက်ရှူကျပ်နေတဲ့ ကလေးတွေဆို ပိုဆိုးတယ်။ အသက်ကြီးတဲ့သူတွေက အသက်ရှူမဝဖြစ်ပြီး နှာခေါင်းပိုက် တပ်ထားရပါတယ်။ လူတွေလည်း ခဏခဏ ဆေးခန်းသွားနေရလို့ ဆေးခန်းကို လုပ်ကျွေးနေသလိုတောင် ဖြစ်နေပါပြီ” လို့ ပြောပါတယ်။
ရော်ဘာစက်ရုံက အနံ့ဆိုးတွေဟာ စက်ရုံဘေးက ကျောက်တန်းရွာသာမက ကျောက်ပွန်၊ မုပွန်၊ သီရိမြိုင်အထိ ပျံ့နှံ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေဟာ အနံ့ဆိုးတွေ မခံနိုင်တာကြောင့် စည်ပင်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စာတင်ခဲ့ပြီး အဲ့အဖွဲ့တွေက လာရောက်စစ်ဆေးခဲ့ပေမဲ့ အနံ့ဆိုးတွေ ဆက်လက်ရနေဆဲ ဖြစ်တယ်လို့ ကျောက်တန်းရွာသားတဦးက ပြောပါတယ်။
“ရွာကလူတွေပေါင်းပြီး စာတင်တော့ လွန်ခဲ့တဲ့နှစ်ပတ်က စည်ပင်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးက လာစစ်တယ်။ သူတို့လာစစ်တဲ့အချိန် အနံ့လုံးဝမထွက်ဘူး။ သူတို့ ပြန်သွားတဲ့ အချိန်ကစပြီး အနံ့ဆိုးထပ်ထွက်တာ ခုထက်ထိပဲ၊ အရင်ကထက်တောင် အနံ့က ပိုပြင်းလာတယ်။”
ရော်ဘာစက်ရုံ လည်ပတ်တာ ၇ လကျော်သာရှိသေးပြီး စက်ရုံလည်ပတ်ပြီးတည်းက အနံ့ဆိုးတွေ ထွက်ရှိလာတာ ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်ကလည်း မွန်ပြည်နယ်၊ မုဒုံမြို့ရှိ ရော်ဘာစက်ရုံက ထွက်ရှိတဲ့ အနံ့ဆိုးတွေကြောင့် ဒေသခံတွေ အသက်ရှူမဝတာ၊ ရင်ကျပ်တာနဲ့ မူးဝေတာတွေ ဖြစ်ခဲ့ပါတယ်။