စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ရွာကို စစ်ကောင်စီတပ်က ဒီနေ့ ဩဂုတ် ၂ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်က စစ်ကြောင်းထိုးလာတာကြောင့် ရွာသားတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီပဲယင်းဒေသခံ ရွာသားတဦးက “ရေဦးမြို့ကနေ ဇူလိုင် ၃၁ ရက်နေ့ကနေ ထွက်လာတဲ့ စစ်ကြောင်းပါဗျ။ စစ်ကြောင်းလာပြီ ဆိုရင်ကတော့ ရွာထဲက ဒေသခံတွေ ထွက်ပြေးရတယ်။ မပြေးရင်လည်း စစ်(--) သတ်တယ်ဗျ။ အဲဒါကြောင့် ပြေးရတာ။ အခုလည်း ကျနော်တို့ မရကန်ရွာထဲဝင်ပြီး အိမ်တွေကို မွှေနေတယ်ဗျ။ လက်ရှိကတော့ ရွာကို မီးမရှို့သေးဘူး။ အဝေးကနေပဲ ရွာကိုကြည့်နေရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကလည်း စစ်ကိုင်းတိုင်းတခုလုံးကို စိုးမိုးရယူနိုင်ဖို့ အဘက်ဘက်ကနေ ကြိုးစားနေပေမဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း ရရာလက်နက်နဲ့ ခုခံနေကြဆဲ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးရွာကိုလည်း စစ်ကောင်စီတပ်က ဇူလိုင် ၃၁ ရက်ကနေ ဒီနေ့ ဩဂုတ် ၂ ရက်အထိ ၃ ရက်ဆက်တိုက် မီးရှို့နေပြီး ရွာသားတချို့ကို ဖမ်းဆီး သတ်ဖြတ်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်ကောင်စီတပ်ဟာ ရှမ်းပြည်မြောက်ပိုင်း၊ မဘိန်းမြို့နယ်ခွဲ၊ ငါးအိုးမြို့ ၁၂၁ ကနေ ထွက်လာတဲ့ တပ်မ ၇၇ က စစ်ကြောင်းဖြစ်ပါတယ်။
ဒေသခံရွာသားတဦးက “မီးရှို့နေတာက ၃ ရက်ရှိနေပြီဗျ။ ရွာကို မီးစရှို့တာက ဇူလိုင် ၃၁ ရက်နေ့က စရှို့တာ၊ ဒီနေ့အထိ ရှိနေပြီဗျ။ ဆုံးရှုံးစာရင်း အတိအကျကတော့ ရွာထဲကနေ စစ်ကြောင်းမထွက်သေးတော့ အတိအကျ မသိရသေးဘူး။ နောက်ပြီး မပြေးနိုင်လို့ ကျောက်ထုံးကြီး ဘုန်းကြီးကျောင်းမှာ နေခဲ့တဲ့ အရပ်သားပြည်သူတွေလည်း ဖမ်းဆီးထားတယ်။ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေရဲ့ ဖုန်းတွေကိုလည်း အကုန်သိမ်းထားတယ်။ ရွာဦးကျောင်း ထိုင်ဘုန်းကြီးရဲ့ ဖုန်းကိုလည်း သိမ်းထားတယ်။ ကျနော်တို့ သိထားရတာက အဲဒီ ဖမ်းဆီးထားတဲ့အထဲက ရွာသား ၄ ဦးကိုလည်း သတ်ဖြတ်တာတွေ လုပ်ထားတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဧရာဝတီမြစ်အထက်ပိုင်း သင်္ဘောတွေနဲ့ ဆန်တက်လာတိုင်း အခုလို စစ်ကြောင်းထိုးနေသလို စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့ မြစ်ကမ်းဘေးကျေးရွာတွေကို ပစ်ခတ်လို့ မြစ်ကြောင်းတလျှောက်က ရွာသားတွေ အသက်ဘေးကြုံတွေ့နေရပါတယ်။