ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ရွာအနီး၊ ပြည်လမ်းမပေါ်မှာ ဩဂုတ် ၂ ရက် မနက်က မီနီဘတ်စ် လိုင်းကားက ဆိုင်ကယ်ကို ဝင်တိုက်မိပြီး လူ ၂ ဦးသေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပုလဲအရန်မီးသတ်ဌာနက ပြောပါတယ်။
မနက် ၈ နာရိီလောက်က မီနီဘတ်စ်အမျိုးအစား ပဲခူး-ရန်ကုန်လိုင်းကားဟာ လမ်းကြောအတိုင်း မောင်းလာတဲ့ ပရိုဘောက်တစီးကို ရှောင်ရာကနေ ဟိုင်းလက်စ်ယာဉ်တစီးက လိုင်းကားရဲ့အနောက်ကို ဝင်တိုက်မိပြီး လိုင်းကားဟာ လမ်းဘေးမှာရပ်ထားတဲ့ လူ ၃ ဦးပါ ဆိုင်ကယ်ကို ထပ်မံဝင်တိုက်ကာ အုတ်နံရံမှာ ရပ်တန့်သွားတာ ဖြစ်ပါတယ်။
ပတ္တမြားလူငယ်ပရဟိတအသင်း တာဝန်ရှိသူတဦးက “မြင်တဲ့သူတွေ ပြောတာတော့ ဟိုင်းလက်စ်တစီးက လိုင်းကားကို အနောက်က ဝင်တိုက်မိတော့ လိုင်းကားက လမ်းဘေးကို ထိုးကျသွားတာ။ အဲ့ဒီမှာ ကျောင်းသူလေး ၂ ယောက်ကို တင်လာတဲ့ ဆိုင်ကယ်ကို တိုက်ချသွားတာ။ ကယ်ရီသမားရယ်၊ ၁၃ နှစ်လောက်ရှိတဲ့ ကျောင်းသူကလေးတော့ ပွဲချင်းပြီးပဲ၊ ကျန်တဲ့တယောက်ကတော့ လွတ်သွားတယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် လိုင်းကားပေါ်ပါ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၅ ဦး ခြေထောက်ကျိုး၊ နဖူး ဦးခေါင်းကွဲ၊ လက်နဲ့ တင်ပဆုံရိုးကျိုး ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆိုင်ကယ်ပေါ်ပါ ဆိုင်ကယ်မောင်းသူ အသက် ၄၅ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ ၁၃ နှစ်အရွယ် ကျောင်းသူ ၁ ဦးတို့ သေဆုံးပြီး ကျန်ကျောင်းသူ ၁ ဦးမှာ ဘယ်လက်နဲ့ ညာခြေထောက်ကျိုးဒဏ်ရာ ရရှိခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးနဲ့ သေဆုံးရုပ်အလောင်း ၂ ခုကို ပတ္တမြားလူငယ်ပရဟိတ အသင်းယာဉ်၊ ပုလဲအရန်မီးသတ် လူနာတင်ယာဉ်တွေနဲ့ မြောက်ဥက္ကလာပ မေဓာဝီဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။