အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ခါနန်ဟာ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းဆီ ချဉ်းကပ်လာနေတာကြောင့် မိုးသည်းထန် ရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်လာလို့ သြဂုတ် ၁ ရက်က လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။
နာဟာမြို့မှာ အင်္ဂါနေ့ မွန်းတည့်ချိန်အထိ လမ်းတွေပေါ်မှာ လူနဲ့ကားတွေ ကင်းရှင်းနေပြီး လေပြင်းတွေကြောင့် သစ်ပင်တွေ ယိမ်းထိုးနေပါတယ်။
နာဟာလေဆိပ်မှာလည်း အင်္ဂါနေ့မွန်းတည့်ချိန်အထိ လေယာဉ်ခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်ပြီးတဲ့နောက် ပိတ်ထားခဲ့ရတယ်လို့ ဒေသဆိုင်ရာမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဆိပ်ကမ်းဧရိယာမှာလည်း လှေတွေကို ကြိုးတွေနဲ့ အသေအချာချည်ထားတာကို တွေ့ရပါတယ်။ မုန်တိုင်းကြောင့် ကျယ်ပြန့်တဲ့နေရာတွေမှာ နေသူတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းဖို့ အကြံပြုထားပါတယ်။
မုန်တိုင်းဟာ လေတိုက်နှုန်း တနာရီ ၁၄၅ မိုင်နှုန်းနဲ့ အနောက်မြောက်ဘက်ဆီ ဖြည်းဖြည်းချင်း ရွေ့လျားနေပါတယ်။
မုန်တိုင်းကြောင့် နာဟာမြို့မှာ အနည်းဆုံး လူ ၂၀,၀၀၀ လောက် ထိခိုက်ခဲ့ပါတယ်။ မုန်တိုင်းဟာ ဧရိယာနဲ့ အနီးဆုံးဆီ ရွေ့လျားနိုင်ခြေရှိလို့ သြဂုတ် ၂ ရက် နေ့လယ်မှာ မိုးရေချိန် ၇ ဒသမ ၁ လက်မအထိ ရွာသွန်းမယ်လို့ ခန့်မှန်းထားတဲ့အကြောင်း NHK ရုပ်သံက ထုတ်လွှင့်ပါတယ်။
Source - Reuters