မွန်ပြည်နယ်၊ ကျိုက်ထို့မြို့ ကျိုက်ထီးရိုးတောင်ပေါ်ရှိ အောက်ရိုးရိုးလေးဟိုတယ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ် ၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲလောက်က ရိုးရိုးလေး ဟိုတယ်ရဲ့ နှစ်ထပ်ဆောင်စတိုးခန်းမှာ ဝါယာရှော့ခ် ဖြစ်ကာ စတင်လောင်ကျွမ်းခဲ့ပြီး ဒေသခံများနဲ့ ကျိုက်ထီးရိုးအရန်မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်ခဲ့ရပါတယ်။
“မီးလောင်တဲ့အချိန်က မိုးတွေအရမ်းရွာနေတော့ ဘာမှ ကြီးကြီးမားမားသိပ်မဖြစ်သွားပါဘူး။ အခုအချိန်က ဘုရားဖူးရာသီ မဟုတ်တာကြောင့် လူထိခိုက်ဒဏ်ရာရတာမရှိပါဘူး၊ ဟိုတယ်အခန်းအချို့ မီးလောင်ခဲ့ပေမယ့် ဘေးကစျေးဆိုင်ခန်းတွေက ကံကောင်းလို့ မီးမလောင်ခဲ့ဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကော ရိုးရိုးလေးဟိုတယ်ကပါ ထုတ်ပြန်ထားခြင်း မရှိသေးပါ။
ကျိုက်ထီးရိုးဘုရားမှာ ၂၀၀၄ ခုနှစ် ဇန်နဝါရီက အကြီးမားဆုံးမီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး လူ ၂၀ သေဆုံးကာ ၃၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။