ဩဂုတ် ၁ တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၅၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ စစ်ကောင်စီဂိတ်ကို PDF တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြလို့ စစ်တပ်က ၆ ယောက် သေဆုံးခဲ့ပြီး ပုလဲမြို့နယ်မှာတော့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေကို PDF တပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြတာပါ။ ဒါ့အပြင် ရွှေဘိုမြို့နယ်မှာလည်း ပျူစောထီးတွေကို PDF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်တွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး မင်းတုန်းမြို့နယ်မှာတော့ စစ်ကောင်စီ ဂိတ်ကို PDF တို့က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်မှာတော့ စစ်ကောင်စီယာဉ်တန်းကို PDF တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြသလို ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာလည်း စစ်ကောင်စီဂိတ်အနီးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က သေဆုံးမှုများတယ်လို့ သိရပါတယ်။
အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၂၈ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါ တယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃၀၀၀၀ လောက်ထိ ခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁၀၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့လည်း ဆိုပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။