တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်ကနေ သြဂုတ် ၁ ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ တယောက်မှ မပါဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူထံက သိရပါတယ်။
မြိတ်အကျဉ်းထောင်မှ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေထဲမှာ အမျိုးသား ၂၃ ဦးနဲ့ အမျိုးသမီး ၉ ဦး စုစုပေါင်း ၃၂ ဦးပါဝင်ပြီး နိုင်ငံရေးအကျဉ်းသား မပါဝင်ဘူးလို့ ပြောပါတယ်။
အကျဉ်းထောင်ကို သွားရောက်ခဲ့တဲ့ အမျိုးသားတဦးက “လွတ်မြောက်လာတဲ့သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား မပါပါဘူး။ ကျနော်တို့ သိရသလောက် လောင်းကစားအမှုတွေနဲ့ ၈ လပိုင်းကျရင် လွတ်မယ့် လွတ်နီးအကျဉ်းသားတွေလောက်ပဲ လွှတ်ပေးလိုက်တာပါ” လို့ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းတဦးကလည်း “ဒီနေ့ အာဏာသိမ်းစစ်အုပ်စုကနေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ဖြေလျှော့ပေးခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီးပြောရရင် စကစအနေနဲ့ အဘက်ဘက်က ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းရာမှာ အသုံးချ ဟန်ပြလုပ်ရပ်တခုဖြစ်တယ်လို့ မြင်တယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့အတူ မြိတ်အကျဉ်းထောင်ထဲမှာလည်း နိုင်ငံရေးအကျဉ်းသား အများအပြား ရှိနေပါသေးတယ်။ ဒီကနေ့ မြိတ်ထောင်ကနေ လွှတ်ပေးလိုက်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား တယောက်မှ ပါလာတာမျိုး မတွေ့ရဘူး။ ဒါကြောင့် ဒီကနေ့ စကစရဲ့ လွတ်ငြိမ်းချမ်းသာဆိုတဲ့ လွှတ်ပေးခဲ့မှုဟာ နိုင်ငံရေးအရ အသုံးချဖို့အတွက် ဟန်ပြလုပ်ဆောင်မှု သက်သက်သာဖြစ်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက ဝါဆိုလပြည့်နေ့မှာကျရောက်တဲ့ ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ် အနေနဲ့ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အကျဉ်းသူ ၇,၇၄၉ ဦးကို လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာထားပါတယ်။