မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဇူလိုင် ၃၁ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ ကင်းစခန်းတခု စီနင်းတိုက်ခိုက်ခံရပြီး ၅ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး PDF ရဲဘော်တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၅ MG6 ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ၊ မင်းရွာကျေးရွာအပြင်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့ ကင်းစခန်းကို ဇူလိုင် ၃၁ ရက် မနက် ၁ နာရီလောက်မှာ သွားရောက်စီးနင်း တိုက်ခိုက်ခဲ့ကြတာလို့ MG6 ပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်ခံ ဗိုလ်ကျော်လင်းထွန်းက ပြောပါတယ်။
“ကျနော်တို့ဘက်က လက်ဦးမှုရယူ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၄၅ မိနစ်လောက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ ကင်းစခန်းကို စွန့်ခွာ ခွေးပြေးဝက်ပြေး ပြေးသွားကြတယ်။”
ကင်းစခန်းကို အပြီးသိမ်းနိုင်ဖို့ အခွင့်အရေးရရှိခဲ့ပေမဲ့ ကျည်အင်အားမလုံလောက်ဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူရောက်လာလို့ စခန်းမသိမ်းနိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်စထိမှန်ပြီး PDF ရဲဘော်တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။
မကွေးတိုင်း မင်းတုန်းမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် ၂ ခု ဇူလိုင် ၃၀ ရက် မနက်ပိုင်းမှာ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်တပ်က အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ခရိုင် တပ်ရင်း-၄ Eagle Force က ပြောပါတယ်။
မင်းတုန်းမြို့ရဲ့ ၅ မိုင်ဂိတ်နဲ့ ဗူးတောင်းရေးရွာနားက ကန်လည်တံတား စစ်ဆေးရေးဂိတ်တွေကို ဇူလိုင် ၃၀ ရက် မနက် ၅ နာရီ မိနစ် ၄၀ မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်နက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြတာလို့ Eagle Force ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။
“တပ်စိပ် ၂ စိပ်ခွဲပြီး တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာပေါ့။ အပေါ်ကလည်း ဒရုန်းနဲ့ချပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သူတို့ဘက်ကလည်း ပစ်ခတ်ခဲ့ကြတယ်။”
အဲဒီတိုက်ခိုက်မှုအတွင်းမှာ ဂိတ်တွေက လုံခြုံရေးအဖွဲ့တွေ မသေဆုံးပေမဲ့ ဒဏ်ရာရရှိတဲ့သူတွေ ရှိပြီး အရေအတွက် အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ လွတ်မြောက်ရေးအင်အားစု စစ်သည်တော်များတပ်ဖွဲ့ (WOLF) တို့နဲ့ အတူပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။