ဒုတိယဝါဆိုလပြည့်နေ့မှာ ကျရောက်တဲ့ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ် နိုင်ငံတဝန်း အကျဉ်းထောင်တွေကနေ အကျဉ်းသားပေါင်း ၇,၀၀၀ ကျော် စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးရာမှာ အင်းစိန် ဗဟိုအကျဉ်းထောင်ကနေ YBS အစီး ၂၀ ကျော်နဲ့ အကျဉ်းသား အကျဉ်းသူတွေကို နေ့လယ်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
အင်းစိန်အကျဉ်းထောင်ကနေ အကျဉ်းသား ၁,၀၀၀ ဝန်းကျင် ပြန်လည်လွတ်မြောက်မယ် လို့လည်း အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေထံက စုံစမ်းသိရှိရပါတယ်။
ပြန်လွတ်လာသူတွေထဲမှာ ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ်ကျခံနေရသူတွေနဲ့ ၅ နှစ်အောက် ထောင်ဒဏ်ကျခံရသူတွေလည်း ပါဝင်တယ်လို့ ပြန်လည်လွတ်မြောက်လာသူတွေထံက သိရပါတယ်။
ပြန်လွတ်လာသူတချို့ကိုတော့ အရင်ကလို သက်ဆိုင်ရာမြို့နယ်အထိ ခေါ်ဆောင်မသွားတော့ဘဲ ထောင်ရှေ့မှာတင် ကားပေါ်ကချထားပေးတာလည်း မြင်တွေ့ရပါတယ်။