ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အိမ်ဖြူတော် KTV ကို ဇူလိုင် ၃၀ ရက် ည ၁၂ နာရီ ကျော်မှာ စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဆိုင်ဝန်ထမ်းတွေ အပါအဝင်လူ ၆၀ လောက်ကို ဖမ်းဆီးသွားတယ်လို့ KTV ဝန်ထမ်းတွေက ပြောပါတယ်။
ဆိုင်ဝန်ထမ်းတဦးက " စစ်ကား ၅ စီးနဲ့ ရဲကား ၃ စီး KTV ကို ဝင်ရောက်စီးနင်းပြီး သီချင်းတွေဆိုနေကြသူတွေကို စစ်ဆေးကြတယ်။ မှတ်ပုံတင်တွေ ပြခိုင်းတယ်။ မှတ်ပုံတင် မပြနိုင်သူ ၆၀ လောက်ကို ဖမ်းဆီးခေါ်သွားကြတယ်”လို့ ပြောပါတယ်။
ဝင်စီးနင်းချိန် မှတ်ပုံတင်ပြနိုင်တဲ့ လူတွေကို လွှတ်ပေးခဲ့ပြီး ဖမ်းဆီးခဲ့သူတွေကိုတော့ စစ်တွေမြို့အမှတ်(၁) ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှ မန်နေဂျာနဲ့ ဝန်ထမ်း တချို့အပါအဝင် လာရောက်သီချင်းဆိုသူတွေပါဝင်ပြီး တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ တာဝန်ရှိသူ တဦးက ပြောပါတယ်။
စစ်တွေမြို့မိမြို့ဖ တဦးက "အိမ်ဖြူတော် ကေတီဗွီက မူးယစ်ဆေးဝါး၊ ဘိန်းဖြူအထိသုံးစွဲလို့ နေတာ။ စစ်တွေမြို့မှာဆို စျေးအကြီးဆုံးကေတီဗွီတစ်ခုလည်းဖြစ်တယ်။ Wy စီးပွားရေးသမားတွေ ဆုံနေကြတဲ့နေရာတစ်ခုဖြစ်နေတယ်”လို့ ပြော ပါတယ်။
စစ်တွေမြို့မှာ လူငယ်တွေ မူးယစ်ဆေးဝါးနဲ့ ဆေးခြောက်သုံးစွဲတာတွေ များလာပြီး ဆေးခြောက်နဲ့ အရက်ရောင်းချနေတဲ့ ဆိုင်တွေကို ပိုက်စိပ်တိုက် ရှာဖွေ ဖော်ထုတ်ပြီး အရေးယူဖို့လိုပေမဲ့ ရဲတွေအနေနဲ့ ဆက်ကြေး ရနေကြတာကြောင့် ထိရောက်စွာ ဖမ်းဆီးတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စိတ်ကြွဆေးပြားတွေဟာ ထိုင်းကတဆင့် ရခိုင် အဲဒီကမှ ဘင်္ဂလားဒေ့ရှ်ကို ပို့ဆောင်နေသလို အဲဒီက ဝင်လာတဲ့ ဆေးခြောက်၊ မော်ဖင်း၊ ဒိုင်ယာစီပင်၊ ဖန်စီဒိုင်းတွေဟာလည်း စစ်တွေမြို့ကတဆင့် ပြည်မထဲကို တင်ပို့နေကြတာပါ။