နာမည်ကြီး အမေရိကန်ဒါရိုက်တာ ခရစ္စတိုဖာ နိုလန် ရိုက်ကူးတဲ့ Oppenheimer ရုပ်ရှင်ဟာ ဂျပန်နိုင်ငံကလွဲရင် ကမ္ဘာတဝန်းက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေရာမှာ အလွန်အောင်မြင်နေပါတယ်။
ဂျပန်နိုင်ငံမှာ ဒီရုပ်ရှင်ရဲ့ ဖြန့်ချိသူဖြစ်တဲ့ တိုဟိုတိုဝါကတော့ ရုံတင်ပြသမယ့်ရက်ကို မကြေညာရသေးဘူးလို့ ပြောပါတယ်။
ဒုတိယကမ္ဘာစစ်ကာလတုန်းက သိပ္ပံပညာရှင် ရောဘတ် အော်ပန်ဟိုင်းမားရဲ့ အဏုမြူဗုံး ဖန်တီးမှုအကြောင်း ဖြစ်ရပ်မှန်ကို ဒီရုပ်ရှင်ထဲမှာ ရိုက်ကူးထားတာပါ။
၁၉၄၅ ခုနှစ်၊ သြဂုတ်လမှာ ဂျပန်နိုင်ငံရဲ့ ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေအပေါ် ဖျက်ဆီးမှုအတွင်း ဒီအဏုမြူဗုံးတွေကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ဟီရိုရှီးမားမြို့ရဲ့ အဏုမြူဗုံးဒဏ်သင့် အမိုးခုံးအဆောက်အအုံနဲ့ ငြိမ်းချမ်းရေး အထိမ်းအမှတ် ပန်းခြံမှာ လာရောက်လည်ပတ်ကြတဲ့ ဂျပန်လူမျိုး အများစုကတော့ ဒီရုပ်ရှင်အကြောင်း မကြားမိဘူးလို့ မှတ်ချက်ပေးကြပါတယ်။
ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံမှာ မကြော်ငြာရသေးသလို အငြင်းအခုံများစွာလည်း ပေါ်ပေါက်နိုင်တယ်လို့ ဆိုပါတယ်။
ဒီရုပ်ရှင်အကြောင်း မေးမြန်းရာမှာတော့ အများစုက သွားရောက်ကြည့်ရှုမှာ ဖြစ်တယ်လို့ ပြောကြပါတယ်။
ဒါပေမဲ့လည်း အဏုမြူဗုံးကြဲမှုကြောင့် တိုက်ရိုက်သက်ရောက်မှု ရှိခဲ့သူတွေရဲ့ ခံစားချက်နဲ့ ပတ်သက်ရင် သံသယရှိတယ်ဆိုပြီး ဂျပန်ပြည်သူတချို့က တုံ့ပြန်ခဲ့ကြပါတယ်။
Source - Reuters