စစ်ကောင်စီက ထုတ်တဲ့ ကျပ်နှစ်သောင်းတန်ငွေစက္ကူနဲ့ စျေးလာဝယ်ရင် လက်ခံရောင်းဖို့ အဆင်မပြေဘူးလို့ ရန်ကုန်မြို့ရှိ စျေးသည်အများစုက ပြောပါတယ်။
စစ်ကောင်စီက ကျပ်နှစ်သောင်းတန် ငွေစက္ကူကို ဒီနေ့မှာ ဖြန့်ဝေမယ်လို့ ကြေညာထားပြီး စျေးသည်နဲ့ သာမန်လူတန်းစားတွေကတော့ အဲဒီငွေစက္ကူ ပျံ့နှံ့ရောက်လာမှာကို စိုးရိမ်နေပြီး ဖြစ်နိုင်ရင် လက်ခံမှာ မဟုတ်ဘူးလို့ သူတို့ကဆိုပါတယ်။
သင်္ဃန်းမြို့နယ်မှာ ကုန်စုံဆိုင်ဖွင့်ထားသူတဦးက "ဒီငွေစက္ကူကြောင့် ကုန်စျေးနူန်းတွေ တက်ကုန်တာမို့လို့ အစကတည်းက အမြင်မကြည်ဘူး ပြောရမှာပေါ့။ ပြီးတော့ နှစ်သောင်းတန်နဲ့ စျေးလာဝယ်ရင် ဘယ်လိုအမ်းရမလဲ၊ နဂိုကမှ အကြွေရှားရတဲ့ကြားထဲ" လို့ ပြောပါတယ်။
ဒါ့အပြင် ကျပ်နှစ်သောင်းတန်ငွေစက္ကူကို အသိအမှတ်မပြုဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ က ကြေညာထားတာကြောင့်လည်း အဲဒီငွေစက္ကူကို လက်ထဲကိုင်မထားလိုကြတာတွေရှိတယ်လို့ အိမ်ဆိုင်ဖွင့်ထားသူတဦးက ပြောပါတယ်။
"ပြီးတော့ အတုထွက်လာလို့ ကိုယ့်လက်ထဲရောက်ရင် တန်ဖိုးက နည်းတာမဟုတ်ဘူးလေ။ တခြားသူတွေလည်း ဒါကိုစိုးရိမ်ကြမယ်ထင်တယ်။"
အဲဒီကျပ်နှစ်သောင်းတန်ငွေစက္ကူ ထုတ်မယ်လို့ စစ်ကောင်စီက ကြေညာလိုက်ကတည်းက အခြေခံစားသောက်ကုန်စျေးတွေ လှုပ်ခတ်ခဲ့သလို ကျပ်ငွေတန်ဖိုးလည်း ထပ်ပြီးကျဆင်းသွားခဲ့တယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။
စစ်ကောင်စီက ကျပ်နှစ်သောင်းတန်ငွေစက္ကူကို အကန့်အသတ်နဲ့ အမှတ်တရအနေနဲ့သာ ထုတ်သွားမှာဖြစ်ပြီး ငွေကြေးဖောင်းပွမူမဖြစ်နိုင်ဘူးလို့ တုံ့ပြန်ထားပါတယ်။
ဒါပေမယ့် မြေပြင်မှာတော့ ကျပ်နှစ်သောင်းတန်ငွေစက္ကူ ထုတ်မယ့်သတင်းထွက်ပြီးကတည်းက ပြည်သူတွေကြား စိုးရိမ်မူတွေက မြင့်တက်နေပါတယ်။
အမှတ်တရအနေနဲ့ ထုတ်တာလို့စစ်ကောင်စီရဲ့ ပြောစကားအပေါ် ပြည်သူတွေက ယုံကြည်မှုမရှိသလို NLD အစိုးရလက်ထက်က ဗိုလ်ချုပ်အောင်ဆန်းပုံ ကျပ်တစ်ထောင်တန်ငွေစက္ကူ ရိုက်နှိပ်ခဲ့တဲ့ကာလကလို ပြည်သူတွေ လိုလိုချင်ချင် အလိုက်ပေးရှာလဲပြီး ဆောင်ထားတဲ့ အခြေအနေမျိုးနဲ့ ကွာခြားနေတာလည်းဖြစ်ပါတယ်။
ကျပ်နှစ်သောင်းတန် ငွေစက္ကူကို ဇူလိုင် ၃၁ ရက် ဒီနေ့ဖြန့်ဝေသွားမယ်လို့ စစ်ကောင်စီက ကြေညာထားပေမယ့် ငွေကြေး စျေးကွက်ထဲ မတွေ့ရသေးဘူးလို့လည်း ငွေလဲလုပ်ငန်လုပ်ကိုင်နေသူတချို့ဆီက သိရပါတယ်။