စစ်ကောင်စီက ထုတ်ဝေထားတဲ့ တရားမဝင် နှစ်သောင်းတန် ငွေစက္ကူတွေကို ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေမှာ သုံးစွဲခြင်းမပြုလုပ်ကြဖို့နဲ့ မလိုက်နာရင် ဥပဒေနဲ့အညီ အပြစ်ပေး အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ဩဂုတ် ၂၄ ရက်မှာ တားမြစ်မိန့် ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ အခန်း ၁၂ မှာ ဖော်ပြထားတဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုတွေကို တားဆီးနှိမ်နင်းဖို့ ရည်ရွယ်ပြီးတော့ ဒီအမိန့်ကို ထုတ်ပြန်ကြေညာလိုက်တာလို့ ဆိုပါတယ်။
အစောပိုင်းတုန်းကလည်း NUG အစိုးရ၊ ကြားကာလဗဟိုဘဏ်အနေနဲ့ အကြမ်းဖက် စစ်ကောင်စီက ထုတ်ဝေတဲ့ နှစ်သောင်းတန် ငွေစက္ကူတွေဟာ တရားမဝင်ငွေစက္ကူတွေ ဖြစ်တယ်လို့ ကြေညာထားပြီးဖြစ်သလို အဆိုပါငွေစက္ကူတွေကို လက်ဝယ်ထားရှိတာ၊ အရောင်းအဝယ်ပြုလုပ်တာ၊ တနည်းနည်းနဲ့ လွှဲပြောင်းတာတွေက ငွေကြေးထောက်ပံ့မှု ဆိုင်ရာ ပြစ်မှုတွေကို ကျူးလွန်ရာ ရောက်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
ဒါကြောင့်မို့ ပြည်တွင်းငွေကြေး လည်ပတ်စီးဆင်းမှုမှာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ အနေနဲ့ မသုံးစွဲကြဖို့ တားမြစ်မိန့် ထုတ်ပြန်လိုက်ကာ သုံးစွဲတာတွေ့ရင် NUG အစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ဆီ အသိပေး တိုင်ကြားကြဖို့လည်း တိုက်တွန်းထားပါတယ်။
စစ်ကောင်စီက ကျပ်နှစ်သောင်းတန် ငွေစက္ကူကို ဒီနေ့မှာ ဖြန့်ဝေမယ်လို့ ကြေညာထားပြီး နောက်ပိုင်းမှာပဲ အဲဒီငွေစက္ကူ ပျံ့နှံ့ရောက်လာမှာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။
အဲဒီ ကျပ်နှစ်သောင်းတန် ငွေစက္ကူ ထုတ်မယ်လို့ စစ်ကောင်စီက ကြေညာလိုက်ကတည်းက အခြေခံစားသောက်ကုန်စျေးတွေ လှုပ်ခတ်ခဲ့သလို ကျပ်ငွေတန်ဖိုးလည်း ထပ်ပြီး ကျဆင်းသွားခဲ့တာပါ။
စစ်ကောင်စီဘက်ကတော့ ကျပ်နှစ်သောင်းတန် ငွေစက္ကူကို အကန့်အသတ်နဲ့ အမှတ်တရ အနေနဲ့သာ ထုတ်သွားမှာဖြစ်ပြီး ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဘူးလို့ တုံ့ပြန်ထားပါတယ်။