နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့နယ်၊ မြသာကျေးရွာအနီးမှာ ဇူလိုင် ၃၀ ရက် ညနေ ၆ နာရီလောက်က ပြည်သူ့စစ်အဖွဲ့ဝင် ရာအိမ်မှူး တယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်ခတ်ခံရလို့ သေဆုံးသွားသူဟာ သစ်တွန်အုပ်စု၊ မြသာကျေးရွာက ရာအိမ်မှူး ဦးမြင့်ဇော်ဦးဖြစ်ပြီး မနေ့ညနေက ပျဥ်းမနားမြို့နယ် အောင်ဘိတ်သိတ်ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်လင်းရဲ့ နာရေးကနေ ပြန်လာစဥ် မြသာကျေးရွာအဝင် ချောင်းဘေးမှာ သေနတ်နဲ့ ပစ်ခတ်ခံရတာဖြစ်ပါတယ်။
ဒေသခံတဦးက "အခုအပစ်ခံရတဲ့နေရာက တော်လှန်ရေးအဖွဲ့တွေ ကြွေးကြော်ထားတဲ့ ဆုံချက်နေရာ ကရင်၊ ပဲခူး ၊ ကယားနဲ့ နေပြည်တော်ဆုံတဲ့နေရာပါ။ ဒေသခံတွေလည်းလန့်နေတယ်။ တပ်က အခုထိမလာဘူး"လို့ ပြောပါတယ်။
ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ ဦးမြင့်ဇော်ဦးဟာ ပျဉ်းမနားမြို့ ပြည်သူ့စစ်ဌာနေအဖွဲ့ဝင် တယောက်ဖြစ်ပြီး သူ့ကို ဘယ်အဖွဲ့က ပစ်ခတ်သွားတယ်ဆိုတာတော့ မသိရသေးပါဘူး။
ဇူလိုင် ၂၉ ရက် ညနေ ကလည်း ပျဥ်းမနားမြို့နယ် ဖုန်းဆိုးကျေးရွာနဲ့ ကိုးတစ်ကျေးရွာ ကားလမ်းမပေါ်မှာ လယ်ဝေးမြို့မရဲစခန်းမှ ရဲမှူး (ငြိမ်း)ဝင်းရွှေ၊ ပျဥ်းမနားမြို့ပြည်သူ့စစ်ဌာနေအဖွဲ့ ခေါင်းဆောင် ကျော်လင်းနဲ့ ယာဥ်မောင်းစပ်ဝင်းသိန်းတို့ ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ရဲမှူး (ငြိမ်း)ဝင်းရွှေ အပါအဝင် သုံးဦးပစ်ခတ်ခံရပြီးနောက် စစ်ကူလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ရဲတွေလည်း ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။