စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တနေရာမှာ ရန်ကုန်-ဒလဆိပ်ကမ်းကနေ ထွက်ခွာလာတဲ့ ရိက္ခာနဲ့စစ်လက်နက်ထောက်ပို့ရေယာဉ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေ မနေ့က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီလက်နက်ကြီးကြောင့် ပြည်သူ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်တွေလိုက်ပါလာတဲ့ ဖလက်ခွံ ၃ စင်းနဲ့ စစ်သင်္ဘော ၁ စင်းဟာ ဧရာဝတီမြစ်ကြောင်းကနေ ဆန်တက်လာပြီး ချင်းတွင်းမြစ်ကြောင်းထဲရောက်လာချိန် ဇူလိုင် ၂၉ ရက် ညနေ ၃ နာရီလောက်က ဆားလင်းကြီးမြို့နယ်ထဲမှာ စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာလို့ Hero Fighter (Salingyi) တိုက်ခိုက်ရေး အထူးတပ်ဖွဲ့ တာဝန်ခံဗိုလ်သူရိန်က ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီဘက်ကလည်း မော်တာစက်သေနတ်တွေ၊ စက်လတ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဗိုလ်သူရိန်က "ထိခိုက်ဒဏ်ရာရတာက ဒေသခံပြည်သူ ၃ ယောက်၊ ကျနော်တို့ဆီက ရဲဘော် ၂ ယောက်၊ ပေါင်း ၅ ယောက် ပေါ့။ တိုက်ပွဲဖြစ်ချိန် မိနစ် ၄ဝ လောက်ရှိမယ်ဗျ။ အဓိက သူတို့ဘက်က စစ်သင်္ဘောမှာက စစ်သေနတ်တွေနဲ့ပါ ပစ်ခတ်မှုကြောင့် ပြည်သူထိတာပါ။ အခုတော့ ဆေးကုသပေးထားပါတယ်။ သူတို့ဘက်ကလည်း အထိအခိုက်ရှိပါတယ်။ အတည်တော့မပြုနိုင်သေးဘူး" လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို Hero Fighter (Salingyi) တိုက်ခိုက်ရေးအထူးတပ်ဖွဲ့၊ Chindwin Dynamite (Salingyi)၊ Fighter 9 Force (Salingyi)၊ တောင်ပံနီပြောက်ကျားတပ်ဖွဲ့နဲ့ တခြား ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။