၁၉၈၆ ခုနှစ်တုန်းက ဆွစ်ဇာလန်မှာ တောင်တက်ရင်းပျောက်ဆုံးခဲ့တဲ့ ဂျာမန်တောင်တက်သမားတယောက်ရဲ့ အလောင်းကို ဆယ်ယူရရှိခဲ့ကြောင်း ဗဲလေ့ နယ်မြေခွဲ ရဲတပ်ဖွဲ့က ဇူလိုင် ၂၇ ရက်မှာ ပြောပါတယ်။
ဆွစ်ဇာလန်နိုင်ငံရဲ့ အထင်ကရ မက်တာဟွန်တောင်အနီး ရေခဲမြစ်တလျှောက် တောင်တက်ရင်း ပျောက်ဆုံးသွားခဲ့တဲ့ ဂျာမန်တောင်တက်သမားတယောက်ဖြစ်ကြောင်း DNA ဆန်းစစ်မှုကနေ ဖော်ထုတ်နိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇာမက်ထ် စခန်းရှိ ထီအိုဒူး ရေခဲမြစ်တလျှောက်မှာ တောင်တက်သမားတွေဟာ ဇူလိုင် ၁၂ ရက်က ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ၁၉၈၆ ခုနှစ် စက်တင်ဘာလမှာ အဲဒီအချိန်က အသက် ၃၈ နှစ်အရွယ်ရှိ ဂျာမန် တောင်တက်သမားဟာ တောင်တက်ခရီးကနေ ပြန်မလာဘဲ ပျောက်ဆုံးသွားကြောင်းလည်း သတင်းပို့ခဲ့တယ်လို့ ဆိုပါတယ်။
ရဲတွေဟာ တောင်တက်သမားရဲ့ အထောက်အထားနဲ့ သေဆုံးရတဲ့ အခြေအနေတွေနဲ့ ပတ်သက်တဲ့ နောက်ထပ် အချက်အလက်တွေကို မဖော်ပြခဲ့ပါဘူး။
ဒါပေမယ့် နှင်းတွေထဲက ထွက်လာတဲ့ ပျောက်ဆုံးသူပိုင်ဆိုင်တဲ့ အနီရောင်ကြိုးတွေပါတဲ့ တဖက်တည်းသော တောင်တက်ဖိနပ်ရဲ့ပုံကို ထုတ်ပြခဲ့ပါတယ်။
ရေခဲမြစ်တွေ အရည်ပျော်တာကြောင့် ကာလကြာရှည် ပျောက်ဆုံးသွားတယ်လို့ ယူဆရတဲ့ အလောင်းတွေနဲ့ အရာဝတ္ထုတွေ ပြန်ပေါ် လာတတ်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ရာသီဥတုဖောက်ပြန်မှုကြောင့် ရေခဲမြစ်တွေကျဉ်းမြောင်းလာပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ပျောက်ဆုံးသွားခဲ့တဲ့ တောင်တက်သမားတွေရဲ့ အလောင်းတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။
Source-Reuters