ဆူဒန်စစ်တပ်ရဲ့ ခေါင်းဆောင်နေရာကို ပြောင်းလဲအစားထိုးလိုက်ဖို့ ဟယ်မဒ်တီလို့ လူသိများတဲ့ အရံတပ်ဖွဲ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မိုဟာမဒ် ဟမ်ဒန် ဒါဂါလိုက ဇူလိုင် ၂၈ ရက်မှာ တောင်းဆို လိုက်ပါတယ်။
ဧပြီလမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက်ပိုင်း ကင်မရာမှာ ပထမဆုံးပါဝင်လာတဲ့ ဟယ်မဒ်တီ ရဲ့ ဗီဒီယိုကို အရံတပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ တင်ထားတာပါ။
ဗီဒီယိုထဲမှာ အရံတပ်ဖွဲ့ခေါင်းဆောင် ဟယ်မဒ်တီ ဟာ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရဲ့ အကျိုးသက်ရောက်မှုအတွက် ဆူဒန်ပြည်သူတွေကိုတောင်းပန်ခဲ့တာဖြစ်ပြီး သူ့ကို RSF အဖွဲ့ဝင်တွေ ဝိုင်းရံအားပေးနေကြတာတွေကို မြင်တွေ့ရပါတယ်။
“ပထမဆုံးအနေနဲ့ အစိုးရဟောင်းရဲ့အကြွင်းအကျန် အာဏာသိမ်းခေါင်းဆောင်တွေက အတင်း အကြပ် လုပ်ဆောင်ခဲ့လို့ ပေါ်လာရတဲ့ ဒီဆိုးရွားတဲ့စစ်ပွဲရဲ့ အဖြစ်ဆိုးတွေအတွက် ဆူဒန်နိုင်ငံသား လူကြီးလူငယ် အမျိုးသမီးတိုင်းကို တောင်းပန်ချင်ပါတယ်။ ဒုတိယအနေနဲ့ ဆူဒန်လက်နက်ကိုင် တပ်ဖွဲ့ရှိ ညီအကိုတွေကို သတင်းစကားပါးချင်တာက ဒီစစ်ပွဲအတွက် အဖြေမြန်မြန်လိုချင်ရင် ဒီခေါင်းဆောင်တွေကို အပြောင်းလဲလုပ်ဖို့ လိုအပ်နေပြီ” လို့ ဟယ်မဒ်တီက ပြောသွားတာပါ။
ဗီဒီယိုရိုက်ကူးတဲ့ရက်စွဲကို ရိုက်တာစ်က သီးခြားအတည်မပြုနိုင်ပါဘူး။
ဆူဒန်နိုင်ငံမှာ အရပ်သားအုပ်ချုပ်မှုဆီကို အသွင်ကူးပြောင်းရေးစီစဉ်နေချိန်မှာ နိုင်ငံရဲ့စစ်တပ်နဲ့ အရံ အမြန်ထောက်ပံ့ရေး အင်အားစု (RSF) တို့ဟာ အာဏာရဖို့ အားပြိုင်ခဲ့ကြတာကြောင့် တိုက်ပွဲတွေ စတင်ခဲ့တာ ရက်ပေါင်း ၁၀၀ ကျော် ရှိသွားပါပြီ။
တိုက်ပွဲကြောင့် လူပေါင်း ၃ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ဆူဒန်နိုင်ငံကို ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေထဲကို တွန်းပို့ခဲ့တာပါ။
မြို့တော် ခါတွံမ်မှာ အနည်းဆုံး အရပ်သား အယောက် ၅၈၀ သေဆုံးခဲ့တယ်လို့ ဒေသခံ စေတနာ့ ဝန်ထမ်းတွေက ပြောပါတယ်။
Source-Reuters