“အလကားဗျာ၊ ဆင်ဖြူတော် မဟုတ်ဘူး၊ ပြောရရင် ဇွတ်ဖြူတော်ပေါ့၊ နကန်းတလုံးမှ နားမလည်တဲ့သူကို လုပ်စားတာ၊ ဒါမှလည်း အနေအစားချောင်မှာလေ၊ လူတွေမသိလို့၊ ဒါ သံသရာတကြော့ ပြန်လည်လာတာ ဦးခင်ညွန့်လက်ထက်က ကျောက်တော်ကြီးဘုရားတည်ပြီး ဆင်ဖြူတော်တွေ့တယ်ဆိုပြီး ဦးသန်းရွှေကို ချင်း (ဂျင်း) ထည့်သလို ဗိုလ်ချုပ်ထင်လတ်ဦးက မင်းအောင်လှိုင်ကို ချင်း (ဂျင်း) ထည့်တာ” လို့ ဆင်ဦးစီးလုပ်ခဲ့သူတဦးက ပြောပါတယ်။
ဆင်ဖြူတော်ဆိုတာ ရှားပါးစာရင်းဝင် ဆင်အမျိုးအစားတခုဖြစ်ပေမဲ့ သီးသန့် မျိုးနွယ်စုတခုတော့ မဟုတ်ပေ။
စစ်တပ်အာဏာသိမ်းပြီး တနှစ်နဲ့ခြောက်လအကြာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်မှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ခူးအုပ်စု၊ လက်ယာစတိုင်ကျေးရွာရှိ သစ်ထုတ်လုပ်ရေး စခန်းအပိုင်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းက အသက် ၃၃ နှစ်အရွယ်ရှိတဲ့ ဆင်မကြီး မဇာနန်းလှက အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိတဲ့ ဆင်လေးတကောင် မွေးခဲ့ပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်ခဲ့သူတဦးက “အဲ့တုန်းက ဗိုလ်ချုပ်ထင်လတ်ဦးကို စစ်တပ်က အေအေကိစ္စနဲ့ စောင့်ကြည့်နေချိန်၊ ဖြေရှင်းနေရအချိန်ပေါ့။ သူ့အတွက် ထွက်ပေါက်ရသွားတယ်။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ညှိပြီး ဆင်ဖြူတော်လုပ်လိုက်တယ်။ ဒါမှလည်း နှစ်ဦးနှစ်ဖက်လုံး မျက်နှာရမှာ မင်းအောင်လှိုင်ကလည်း ရခိုင်မှာတိုင်းမှူးဖြစ်ခဲ့တာဆိုတော့ သူ့လက်ထက်မှာ ဆင်ဖြူတော်တွေ့တယ်ဆိုပြီး ကြွားလို့ရသွားတာပေါ့” လို့ ရှင်းပြပါတယ်။
ဆင်ဖြူတော်လို့ သတ်မှတ်ဖို့ ရှေးပညာရှင်တွေရဲ့ အယူအဆအရ ဆင်ဖြူတော်ရဲ့ ကြန်အင်လက္ခဏာတွေဟာ မျက်လုံး ပုလဲရောင်၊ ငှက်ပျောကိုင်းသဏ္ဌာန် ကျောကုန်း၊ အဖြူကဲ့သို့ အမွေးရောင်၊ အမြီးမှာ တံခါးပိတ်လက်ဝါးပုံသဏ္ဌာန်၊ အရေပြား ဩဇာကွက်၊ အသားအရေ ပန်းရောင်၊ ခြေဖဝါးမှာ ရှေ့ခြေသည်း ၅ ခုစီနဲ့ နောက်ခြေသည်း ၅ ခုစီပါပြီး နားရွက်မှာ နားကြီးခြင်းဆိုတဲ့ အင်္ဂါရပ် ၈ ချက် ပြည့်စုံရမှာဖြစ်ပေမဲ့ အချက် ၇ ချက်နဲ့ ကိုက်ညီလို့ ဆင်ဖြူတော်အဖြစ် သတ်မှတ်လိုက်တာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ဆင်ဖြူတော်မှန်ရင် အချက် ၈ ချက်လုံးနဲ့ ကိုက်ညီရမှာ။ အစစ်အမှန်က တချက်မှမလျှော့ဘူး။ လျော့ရင်လည်း သတ်မှတ်လို့မရဘူး။ ဒါကပုံမှန်ပဲ။ သူ့မှာရှိရမယ့် ဝိသေသန လက္ခဏာ ပျက်ယွင်းနေရင် ဆင်ဖြူတော်မဟုတ်ဘူး။ စာပေအရရော ကျမ်းဂန်တွေအရရော ဦးနေဝင်း လက်ထက်ကနေ အခုအချိန်ထိ ဆင်ဖြူတော်ဆိုတာ မရှိဘူး။ ဇွတ်ဖြူတော်” လို့ ပြောပါတယ်။
မင်းအောင်လှိုင်အလိုကျ ဆင်ဖြူတော်ဖြစ်ရတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ သစ်လုပ်ငန်းမှ မဇာနန်းလှ ဆင်သားအမိမှာ အဲဒီနေ့မှစတင်ကာ လွတ်လပ်စွာမနေရတော့ဘဲ အကျဥ်းစံဘဝသို့ ရောက်ရပါတော့တယ်။
နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် အရှေ့ဘက်ဝတ္တကမြေအတွင်းမှာ အမေရော သားရောကို အကျဥ်းချထားလိုက်ပါတော့တယ်။
ဆင်တွေဟာ နို့တိုက်သတ္တဝါတွေထဲမှာ အကြီးမားဆုံးဖြစ်ပြီး ကမ္ဘာပေါ်မှာ ဆင်ကို အာဖရိကဆင်နဲ့ အာရှဆင်ဆိုပြီး နှစ်မျိုးခွဲခြားထားပြီး မြန်မာနိုင်ငံမှာ တွေ့ရတဲ့ဆင်မှာ အာရှဆင်အမျိုးအစားပဲ ဖြစ်ပါတယ်။
အာရှဆင်တွေဟာ အာဖရိကဆင်တွေလောက် မကြီးထွားကြပေမဲ့ ပခုံးကျယ်ပြီး တောင့်တင်းခိုင်မာတဲ့အတွက် ဝန်တင်ဖို့နဲ့ သစ်ဆွဲရာမှာ အသုံးပြုတယ်လို့ ဆင်ဦးစီးလုပ်ခဲ့သူတဦးက ပြောပါတယ်။
“အာဖရိကဆင်ထက်စာရင် အာရှဆင်တွေက ပိုပြီး သင်လွယ် တတ်လွယ်တယ်။ အာရှဆင်က ခြောက်မျိုးရှိတယ်။ အမှန်က လေးမျိုးပဲရှိတာ။ ကိုယ့်နိုင်ငံက တည်ဆင်ကိုပဲ အမျိုးအစားလေးမျိုး ပြန်ခွဲတာ။ စွယ်စုံဆင်၊ ဟိုင်းဆင်၊ တယ်ဆင်၊ တန်ဆင်၊ ဟန်ဆင် ဆိုပြီး ခွဲထားတယ်။ အစွယ်ပေါက်ချိန်ဆို ဘယ်ဆင်အမျိုးအစားလဲဆိုတာ ခွဲလို့ရတယ်။ အခုပြောနေတဲ့ ဆင်ဖြူတော်ဆိုတာ ဟိုင်းဆင်အမျိုးအစားထဲမှာ ပါတယ်။ အစွယ်ဖြူဖွေးလျက် ရှေ့ကို ရှည်လျားစွာ ကော့တက်နေတဲ့ ဆင်ကို စွယ်စုံဆင်လို့ခေါ်ပြီး ဆင်ပြောင်ကြီး အမျိုးအနွယ် ဖြစ်ပါတယ်။ စိတ်နေစိတ်ထား ကြမ်းကြုတ်ပြီး ဆင်သင်းအုပ်ကို အုပ်ချုပ်နေတဲ့ ဆင်လည်း ဖြစ်ပါတယ်။”
ဆင်မကဲ့သို့ အစွယ်တိုတိုသာရှိပြီး သဘာဝအားဖြင့် အစွယ်တိုမှာ သစ်ခေါက်ခွာစားရုံသာရှိတဲ့ ဆင်မှာ ဟိုင်းဆင်ဖြစ်ပါတယ်။ တချို့ဟိုင်းဆင်တွေဟာ စွယ်ဖုံး (သွားဖုံး) ကိုပြူထွက်လာခြင်းမရှိလို့ အစွယ်မရှိတဲ့ ဟိုင်းဆင်လို့ ခေါ်ပါတယ်။
အထီးဖြစ်စေ၊ အမဖြစ်စေ ခြေခွာလက်ခွာတွေ ဝိုင်းဝန်းပါတယ်။ ဦးကင်းနဲ့ နှာမောင်းတွေ ဝိုင်းဝန်းပြီး ဦးကင်းနဲ့ နှာမောင်းအိုးတွေ ထူးထူးခြားခြား ကြီးမားပါတယ်။ နှာမောင်းမှာ အလွန်တုတ်ကိုင် သန်မာတဲ့အတွက် ဟိုင်းဆင်တွေဟာ နှာမောင်းကို အားကိုးပါတယ်။
တည်ဆင်မှာ ရှားပါးမျိုးနွယ်တခုဖြစ်ပြီး ထူးခြားချက်မှာ အစွယ်တချောင်းသာရှိပြီး ဒေသအခေါ်အဝေါ်အရ တည်(တေ)တန် ဆိုပြီး ကွဲပြားပါတယ်။
အစွယ်တချောင်းတည်းရှိပြီး ထိုအစွယ်ကိုသာ အားကိုးတတ်ကာ တည်ဆင်တွေဟာ ဆင်အုပ်ဆင်သင်းတွေကို မအုပ်ချုပ် ဆင်အုပ်နဲ့အတူမနေဘဲ သီးခြားလွတ်လပ်စွာ နေထိုင်ကြပါတယ်။
ဟံဆင်မှာ စွယ်စုံဆင်လိုပဲ အစွယ်နှစ်ချောင်းပါရှိပြီး အဆိုပါအစွယ်တွေဟာ သန်မာထွားကျိုင်းခြင်း မရှိပေ။
တချို့ဟံဆင်တွေဟာ အစွယ်မသန်တာကြောင့် သစ်ပင်သစ်ခေါက်တွေ ခွာစားရာမှာ ကျိုးတတ်ပါတယ်။ အစွယ်ကျိုးလိူ့ အစွယ်တဖက်သာရှိတဲ့ ဟံဆင်တွေကို (ဘယ်ဟံ) (ညာဟံ) ခေါ်ပြီး အစွယ်အပြင်သို့ တလက်မ နှစ်လက်မလောက်ထွက်ပြီး အတွင်းဘက် ကုတ်နေတဲ့ ဆင်ကို (ဟံကုတ်ဆင်) လို့ ခေါ်ပါတယ်။
ဆင်အကြောင်း လေ့လာသူတဦးက “မြန်မာဆင်တွေက သက်တမ်းက အနိမ့်ဆုံး ၆၀ ရှိတယ်။ ဆင်ပေါက်လေးတွေဆို လေးနှစ်အထိ နို့မခွဲနိုင်ဘူး။ တချို့ဆင်တွေဆို ၁၅ နှစ်အထိကြာတယ်။ ၁၅ နှစ်နဲ့ ၁၈ အကြား သင်ရပြုရတာ အကောင်းဆုံးအချိန်ပဲ။ ၂၅ နှစ်ကနေ ၄၅ နှစ်ဆိုရင် အရွယ်ကောင်းပဲ။ ဆင်လောကအခေါ်ဆို မွန်းတည့်ချိန်ပေါ့။ အသက် ၅၀ နောက်ပိုင်းက မွန်းလွဲချိန်။ အသက် ၁၈ နှစ်အရွယ် ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတယ်။ အဲ့အချိန် မိတ်စလိုက်တယ်။ ဆင်တွေ ကိုယ်ဝန်ဆောင်ရင် ၂၂ လကြာတယ်။ ဆင်တွေရဲ့သက်တမ်းမှာ ခြောက်ကြိမ်အထိ ကိုယ်ဝန်ဆောင်နိုင်တယ်” လို့ ရှင်းပြပါတယ်။
ဆင်တွေဟာ အဆက်မပြတ်စားနေတတ်တဲ့ သတ္တဝါဖြစ်ပြီး အစာရှာထွက်တဲ့အခါမှာ သူတို့ရဲ့အစွယ်တွေကို သစ်ခေါက်ခွာတာတွေ၊ သစ်မြစ်တွေတူးဖော်ရာအပြင် ရန်သူနဲ့ တိုက်ခိုက်ရမှာ အသုံးပြုပါတယ်။ သူ့ရဲ့ အသုံးဝင်တဲ့ အစွယ်တွေကြောင့်ပဲ ဆင်တွေဟာ ဒုက္ခရောက်ရပါတယ်။
ဆင်ရဲ့အရေပြားဟာ အထူ ဝ ဒသမ ၉၈ လက်မရှိပြီး အခေါက်တွေ၊ အတွန့်တွေနဲ့ဖြစ်လို့ တခြားသတ္တဝါတွေရဲ့ သာမန်အရေပြားတွေထက် ရေကို ဆယ်ဆ ထိန်းထားနိုင်ပြီး အပူဒဏ်ကို ခံနိုင်ရည်ရှိကာ အေးမြပါတယ်။ ဆင်တွေက သူတို့အရေပြားကို သန့်သန့်ရှင်းရှင်းထားပေမဲ့ နေလောင်ဒဏ် မခံရအောင် ဖုန်တွေ၊ ရွှံ့တွေထဲ လူးလေ့ရှိပါတယ်။
ဆင်အကြောင်းလေ့လာသူတဦးက “ဆင်တွေက တနေ့ကို ကီလိုဂရမ် ၁၅၀ စားပေးရတယ်။ ဒီလောက်အများကြီးစားတယ်။ ဒါပေမဲ့ အစာမကြေညက်ဘဲ အညစ်အကြေးပြန်စွန့်တော့ ထပ်စားရတယ်။ ဆင်ကို သဘာဝအတိုင်းမထားဘဲ ပိတ်လှောင်ထားရင် သံကြိုးခတ်ထားတာ အကုသိုလ်ရတယ်။ ပြောရရင် အပြစ်မရှိဘဲ ထောင်ချထားသလိုပေါ့” လို့ ပြောပါတယ်။
ဒါ့အပြင် ဆင်တွေဟာ တကောင်နဲ့တကောင် နှဲမှုတ်တဲ့ အသံလိုမျိုးနဲ့ ဆက်သွယ် ပြောဆိုကြသလို ကိုယ်ဟန်အမူအရာ၊ အထိအတွေ့၊ အနံ့နဲ့လည်း ဆက်သွယ် ပြောဆိုကြပါတယ်။
အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး (ICUN) ရဲ့ အဆိုအရ ဆင်တွေကို မျိုးသုဉ်းမှု ခြိမ်းခြောက်ခံနေရတဲ့ မျိုးစိတ်အဖြစ် သတ်မှတ်ထားပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပဲ ဆင်အကောင်အရေအတွက်ဟာ အလျင်အမြန် ကျဆင်းလာတယ်လို့ ဖော်ပြထားပါတယ်။
ကမ္ဘာပေါ်မှာ ခန့်မှန်းခြေအားဖြင့် အာရှဆင် ၃ သောင်းခွဲ ၄ သောင်းလောက်နဲ့ အာဖရိကဆင် ၄ သိန်းခွဲဝန်းကျင်ခန့်သာ ကျန်တော့တဲ့အတွက် လူသားတွေအနေနဲ့ ဆင်တွေကို ကာကွယ်စောင့်ရှောက်သွားကြဖို့ အရေးတကြီး လိုအပ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဆင်များနေ့မှာ တိုက်တွန်းပြောဆိုထားပါတယ်။
တရုတ်စျေးကွက်မှာ ဆင်ကို အလှအပ အသုံးအဆောင်တွေ ပြုလုပ်ဖို့၊ ဆေးဝါးဖော်စပ်ဖို့နဲ့ စားသုံးဖို့အတွက် ဝယ်လိုအား မြင့်တက်လာမှုကြောင့် တောဆင်ရိုင်းတွေကို အုပ်စုဖွဲ့ သတ်ဖြတ်မှုတွေရှိပြီး ဂိုဏ်တွေဖွဲ့ကာ ဖမ်းဆီးသတ်ဖြတ်ပြီး အစွယ်နဲ့ သားရေ ရောင်းစားသူတွေ ရှိတယ်လို့ ဆင်စခန်းတခုမှာ လုပ်နေတဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။
“ဧရာဝတီတိုင်းမှာ ဆင်တွေ အသတ်ခံရတာများတယ်။ သတင်းကြားလို့ သွားကြည့်ရင် ဆင်သေတော့တွေ့တယ်၊ ဆင်အစွယ်မရှိတော့ဘူး။ တခါတလေ ဌာနဆိုင်ရာက ဆင်အစွယ်တွေ ယူသွားတာရှိတယ်။ စစ်ဆေးမယ့်သူမရှိဘူး။ ဆင်ချစ်သူတွေ ရင်ကွဲပက်လက်ဖြစ်တာပေါ့။ ဆင်ဖြူတော်ဖြစ်မှ ဆင်ကို လူရာသွင်းတဲ့ပုံစံမျိုး မဖြစ်စေချင်ဘူး။ ဆင်က ဆင်ပဲ။ ဆင်ဆိုတာ လွတ်လပ်စွာနေတဲ့ သတ္တဝါတမျိုးပဲ။”
စစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ ၁၉၄၁ ခုနှစ်က တောဆင်ရိုင်းအကောင်ရေ တသောင်းကျော် ရှိခဲ့ရာမှ ၁၉၈၀ ပြည့်နှစ်မှာ အကောင်ရေ ၆,၀၀၀ ကျော်၊ ၂၀၁၆ ခုနှစ်မှာ အကောင်ရေ ၄,၀၀၀ ကျော်၊ ၂၀၁၁ ခုနှစ်မှာ အကောင်ရေ ၂,၅၀၀ ကျော်၊ ၂၀၁၈ ခုနှစ်မှာတော့ အကောင်ရေ ၂,၀၀၀ ကျော်နဲ့ ၂၀၂၃ ရောက်မှာတော့ ဆင်ကောင်ရေ ၁,၀၀၀ သာ ကျန်ခဲ့တယ်လို့ သိရပြီး ဆင်ချစ်သူတွေအနေနဲ့ ခံပြင်းဒေါသထွက်စရာ ဖြစ်လာပါတယ်။
ဆင်ချစ်သူတဦးက “ဒါက စစ်တမ်းအရပြောတာ။ တောထဲမှာ လူမသိသူမသိနဲ့ သတ်ဖြတ်ခံရတဲ့ ဆင်တွေ ဘယ်လောက်ရှိမလဲ။ အခုတောင် ၁,၀၀၀ ရှိချင်မှရှိမယ်။ ကျမတို့ အဲ့ဒီဆင်ဖြူတော်မြင်တိုင်း အသံကြားတိုင်း တောထဲမှာ နေ့စဥ်နဲ့အမျှ အသတ်ခံနေရတဲ့ ဆင်တွေအတွက် စိတ်ထဲမကောင်းဘူး” လို့ပြောပါတယ်။
လတ်တလော မြန်မာနိုင်ငံမှာ ဆင်စခန်း ၁၅ ခုရှိပြီး ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းနဲ့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ တည်ရှိပါတယ်။
ဆင်ဆေးရုံ၊ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းနဲ့ ဆင်စခန်း ၁၅ ခုမှာ ဖိုးကျားဆင်စခန်း၊ မြိုင်ဟေဝန်ဆင်စခန်း၊ ဝင်္ဂဘာဆင်စခန်း၊ မှော်ယောကြီးဆင်စခန်း၊ ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း၊ ကနေဒီဆင်စခန်း၊ ဒီးဒုတ်ဆင်စခန်း၊ တလနယ်ဆင်စခန်း၊ နတ်ပေါက်ဆင်စခန်း၊ ဆင်ဆေးရုံ၊ ရှမ်းရိုးမဆင်စခန်း၊ မိုးမခဆင်စခန်း၊ ပလင်းကမ်းသာယာဆင်စခန်း၊ သစ်ကတိုးအိုင် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းနဲ့ ပျားစွဲ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန်၊ သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေအရ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ နှစ်ရပ်လုံးချမှတ်နိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားပေမဲ့ လက်တွေ့မှာ အဆိုပါဥပဒေကို ကျင်သုံးခြင်းမရှိဘူးလို့ တရားလွှတ်တော် ရှေ့နေတဦးက ပြောပါတယ်။
“ဆင်တွေကို မိုင်းလား၊ မူဆယ်ဘက်ကနေ တရုတ်ကို တင်သွင်းတယ်။ အစွယ်၊ ဆင်အရေခွံခြောက်၊ နှာမောင်းနဲ့ အသားတွေကို သွင်းတယ်။ မိတဲ့အခါမှာ နှစ်နိုင်ငံချစ်ကြည်ရေး အရ ပြန်လွှတ်တယ်။ ဒါကြောင့် ဥပဒေက စာအုပ်ထဲမှာပဲ ရှိသလို ဖြစ်နေတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဆင်ဖြူတော်ဇာတ်လမ်းကို ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က လုပ်ကြံ ဇာတ်လမ်းဆင်ခဲ့တာ ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၂၃ အထိ တွေ့ရှိခဲ့တဲ့ ဆင်ဖြူတော် ၈ ကောင်ရှိတယ်လို့ ဆိုတယ်။
မှတ်တမ်းတွေအရ ၂၀၀၀ ပြည့်နှစ်နဲ့ ၂၀၁၀ အထိ ရခိုင်ပြည်နယ်၊ ရသေ့တောင်နဲ့ မောင်တောမြို့နယ်တို့မှာ ဆင်ဖြူတော် အထီးနှစ်ကောင်နဲ့ အမသုံးကောင် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
“ရယ်တော့ရယ်ရတယ်၊ ဦးခင်ညွန့် အဖမ်းမခံရခင် ၂၀၀၄ နှစ်အစမှာ မင်းအောင်လှိုင်က ရခိုင်မှာ တိုင်းမှူးဖြစ်နေတော့ မျက်နှာလိုမျက်နှာရနဲ့ ဆင်ဖြူတော်တွေ့တယ် လုပ်သေးတာ။ ဦးခင်ညွန့်က ဆင်ဖြူတော်ငါးစီး ဦးသန်းရွှေကို ပေးထားတာရှိတယ်။ နောက်ထပ်မပြောရဲဘူး။ ဆင်ဖြူတော်မဟုတ်တော့ မကြာဘူး၊ ဦးခင်ညွန့်လည်း အဖမ်းခံရတယ်” လို့ ပြောပါတယ်။
ဆင်ဖြူတော် ၁၂ မျိုးရှိပြီး ဦးခေါင်းမှာ အဖြူပါရင် ရတနာ သရဖူဆင်ဖြူတော်၊ ဘုရင်ထိုင်တဲ့နေရာ အဖြူကွက်ပါရင် ရတနာပလ္လင် ဆင်ဖြူတော်၊ စင်/ကုတင် တင်တဲ့နေရာ အဖြူကွက်ပါရင် ရတနာ ကုတင်ဆင်ဖြူတော်၊ ကိုယ်ပြင်ဘေးနှစ်ဖက်မှာ ဖြူနေရင် ရတနာကကျည်း ဆင်ဖြူတော်၊ ခြေလေးဖက်ဖြူနေရင် ရတနာထောက်ရှည် ဆင်ဖြူတော်၊ ကျောကုန်းဖြူရင် ရတနာ ပြဿ် ဆင်ဖြူတော်၊ ခါးနေရာမှာဖြူနေရင် ရတနာသိမ်း ဆင်ဖြူတော်၊ မေးစေ့အောက်ဖြူနေရင် ရတနာငုံ ဆင်ဖြူတော်၊ နှာဖျားမှာ အဖြူကွက်ပါရင် ရတနာဆုပ် ဆင်ဖြူတော်၊ ဝမ်းကျောတလျှောက် ဖြူနေရင် ရတနာကြန့် ဆင်ဖြူတော်၊ နားရွက် နှစ်ဖက် ဖြူနေရင် ရတနာယပ် ဆင်ဖြူတော်၊ တကိုယ်လုံးဖြူနေရင် ရတနာကြန်စုံ ဆင်ဖြူတော် ဆိုပြီး ခွဲခြားထားပါတယ်။
နေပြည်တော်ကို ဆင်မကြီး မဇာနန်းလှနဲ့ ဆင်ပေါက်လေး ရောက်ရှိလာချိန်မှာ ဝန်ကြီးဌာနတွေ အပြိုင်အဆိုင် မဖြူတဲ့ဆင်ကို ဇွတ်ဖြူပြီး ဖားယားတဲ့ကိစ္စ ပြဿနာတက်ပြီး တာဝန်မှ အနားယူရတဲ့ ဝန်ထမ်းတွေလည်း ရှိတယ်လို့ ဝန်ထမ်းအကြီးအကဲတဦးက ပြောပါတယ်။
“ဆင်ဖြူတော်မဟုတ်ဘူးဆိုတာ သိတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်က ဆင်ဖြူဆိုတော့ ဖြူရတာပဲလေ။ နေပြည်တော်စည်ပင်က ဌာနမှူးတယောက် ဆင်ဖြူတော် မဟုတ်ဘူး၊ သာမန်ဆင်ပါဆိုပြီး ပြောလို့ တာဝန်က အနားပေးလိုက်တာရှိတယ်” လို့ ဆိုပါတယ်။
ဆင်ဖြူတော်နဲ့ပတ်သက်ရင် အဆိုးဆုံးမှာ မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဖြစ်ပြီး ပိုက်ဆံထုတ်ဝေဖို့အထိ အကြံဉာဏ်ပေးခဲ့သူလည်း ဖြစ်တယ်လို့ ဝန်ထမ်းအကြီးအကဲတဦးက ဆက်ပြောပါတယ်။
“ဆင်ဖြူတော်မှီပြီး ကြံစုပ်တယ်ဆိုတာ ဒေါ်သန်းသန်းဆွေလိုလူမျိုး။ သူ့ကို နောက်ကွယ်မှာ ဆင်မကြီးသန်းဆွေလို့ ခေါ်ကြတယ်။ ဒင်္ဂါးထုတ်တာနဲ့ နှစ်သောင်းတန်ထုတ်တာ သူ့အကြံဉာဏ်၊ ဆင်ဖြူတော် တနှစ်ပြည့် အထိမ်းအမှတ်ဆို တံဆိပ်ခေါင်းထုတ်လို့ရတယ်လေ။ တိုင်းပြည်ဖျက်တဲ့အထဲမှာ ဆင်မကြီးသန်းဆွေလည်း ပါတယ်” လို့ ရှင်းပြပါတယ်။
မြန်မာနိုင်ငံဗဟိုဘဏ်အနေနဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှာ ဆင်ဖြူတော်ပုံပါ တကျပ်သား ရွှေဒင်္ဂါးနဲ့ ငါးမူးသား ရွှေဒင်္ဂါးတွေ ထုတ်ဝေခဲ့ပြီး ဇူလိုင် ၂၃ ရက်မှာ တနှစ်ပြည့်အခမ်းအနားမှာ ဆင်ပေါက်လေးကို ရဌနန္ဒက လို့ အမည်ပေးပြီး ဆင်ဖြူတော်ပုံပါ နှစ်သောင်းတန်ငွေစက္ကူကို ထုတ်ဝေခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၀၀ ပြည့်နှစ်မှာ ဗေဒင် ယတြာအရ ကျောက်တော်ကြီးဘုရားကို အင်းစိန် ကြို့ကုန်း မင်းဓမ္မကုန်းမှာ တည်ခဲ့ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့် မင်းကောင်းမင်းမြတ် လက်ထက်မှာ ဆင်ဖြူတော် ပေါ်ပေါက်တယ်ဆိုပြီး ချင်း (ဂျင်း) ထည်ခဲ့တာ ဖြစ်ပါတယ်။
“ကျောက်တော်ကြီးမှာရှိတဲ့ ဆင်ဖြူတော်ဆို အခု အစားမစားရလို့ ပိန်ခြောက်နေပြီ။ အခုဆင်တွေလည်း မင်းအောင်လှိုင်ပြုတ်သွားရင် နောက်လူက ကြည့်မှာမဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ဆင်ဖြစ်ရတဲ့ဒုက္ခက မသေးဘူး” လို့ ဆင်ဦးစီးလုပ်ခဲ့ဖူးသူတယောက်ရဲ့ အသံကို ကြားယောင်နေမိပါတယ်။
မြင့်မြတ်သူ