ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်မှာ အမျိုးသားတယောက် ကျွဲခတ်ခံရလို့ သေဆုံးခဲ့ပြီး ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲမှာ သေနတ်ကိုင် လူ ၆ ယောက်က လမ်းသွားလမ်းလာတွေကို ဓားပြတိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့်မြို့နယ်၊ မိုင်းကိုးအုပ်စု၊ ရန်ကုန်ရွာမှာ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းက အသက် ၆၀ အရွယ် ဦးအားဒေါင်ဟာ လယ်လုပ်နေရင်း ကျွဲခတ်ခံရပြီး သေဆုံးခဲ့တာပါ။
ဒေသခံတယောက်က “ကျွဲကရိုင်းတယ်။ အရင်ကလည်း ကားတစီးကို ခတ်ဖူးလို့ လျော်ကြေးပေးရဖူးတယ်။ ဒီမနက် ဦးလေးက နေမကောင်းတော့ လယ်ထဲ မသွားဖို့ ပြောတာကို သူက အတင်းသွားပြီး ကျွဲခတ်တော့ မပြေးနိုင်ဖြစ်ပြီးဆုံးသွားတာပါ” လို့ ပြောပါတယ်။
ကျွဲခတ်ခံရချိန် နေသိပ်မကောင်းတာကြောင့် မပြေးနိုင်ဘဲ ကျောပြင်နဲ့ ဝမ်းဗိုက်တို့မှာ ထိခိုက်ပြီး ပေါင်အရိုးကျိုး ဒဏ်ရာတို့နဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာတော့ ဇူလိုင် ၂၇ ရက်မနက်ပိုင်းက သေနတ်ကိုင်ဆောင်ထားတဲ့ လူ ၆ ယောက်က လမ်းသွားလမ်းလာတွေကို ဓားပြတိုက်ပြီး ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာနဲ့ ဆွတ်အောင်ကျေးရွာကြားက ကျောက်စိမ်းကုမ္ပဏီ ဟောင်းနားမှာ သေနတ်ကိုင်တွေက မူးယစ်ဆေးဝါးသုံးစွဲနေသူတွေကို ရိုက်နှက်ခဲ့သလို လမ်းသွားလမ်းလာတွေဆီက ပစ္စည်းတွေကိုလည်း ဓားပြတိုက်သွားတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတယောက်က "ကုမ္ပဏီဝန်းနားမှာလည်း မူးယစ်ဆေးသုံးနေတဲ့သူတွေ ရှိတယ်။ မနက် ၉ နာရီလောက် လူ ၆ ယောက် mask တွေတပ်ပြီး ရောက်လာတယ်။ သေနတ်နှစ်လက်ပါတယ်။ မူးယစ်ဆေးသုံးနေတဲ့သူတွေကိုလည်း ရိုက်နှက်ပြီး ထွက်သွားခိုင်းတယ်။ အဲဒီနားက လမ်းသွားလမ်းလာတွေကိုလည်း မြေပြင်မှာဝပ်ခိုင်းပြီး ပစ္စည်းတွေယူသွားတယ်" လို့ ပြောပါတယ်။
သေနတ်ကိုင်ဆောင်ထားတဲ့ အမည်မသိ လူ ၆ ယောက်ဟာ သေနတ်ပစ်ဖောက်ပြီး လမ်းသွားလမ်းလာ ၅ ယောက်ထက်မနည်းဆီက ဖုန်း၊ ပိုက်ဆံ၊ လက်ဝတ်လက်စားတွေနဲ့ ဆိုင်ကယ်တွေကို ဓားပြတိုက် သိမ်းယူသွားခဲ့တာပါ။
ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ဆိုင်းတောင် သာယာကုန်းလမ်းအတိုင်း ဆိုင်ကယ်စီးနင်းပြန်လာတဲ့ ခရစ်ယာန် သင်းအုပ်ဆရာတယောက်ကို လူ ၃ ယောက်က ဓားနဲ့ခုတ်ပြီး ဆိုင်ကယ်၊ ဖုန်းနဲ့ ငွေ ၁၀ သိန်းကို ဓားပြတိုက် လုယူခဲ့ပါသေးတယ်။