မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါမြို့အမြောက်တပ်အနီးက ပြည်မရွာ စာသင်ကျောင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေကို CDF-KKG ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၂၆ ရက် ညနေ ၆ နာရီလောက်မှာ CDF-KKG ဘက်က လက်ဦးမှုရယူကာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ တိုက်ပွဲတွင်း လက်နက်ကြီးကြောင့် ဒေသခံ အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
CDF-KKG တပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ KKG တပ်ရင်း ၆ က ဦးဆောင်တိုက်ခိုက်ခဲ့တာပါ။ သူတို့ ထိခိုက်ကျဆုံးမှု များနိုင်တယ်လို့ ခန့်မှန်းရတယ်။ နောက်ပိုင်း သူတို့ဘက်က မြို့ပေါ်က စစ်ကူတွေ ခေါ်ရတဲ့အထိပဲ။ ကျနော်တို့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်။ တိုက်ပွဲတွင်း လက်နက်ကြီးကျလို့ ပြည်မရွာက အမျိုးသမီးတယောက် ဒဏ်ရာရတယ် ကြားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါတိုက်ပွဲကို ဂန့်ဂေါမြို့ ခလရ ၅၀ က စစ်ကား ၃ စီးနဲ့ အကူရောက်လာပြီး အမြောက်တပ်ကနေ လက်နက်ကြီးပစ်ကူတွေကြောင့် CDF-KKG နောက်ဆုတ်ခဲ့ရတာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး မိနစ်အနည်းငယ်အကြာမှာ စစ်ကောင်စီတပ်က ကျေးရွာနေပြည်သူတွေကို အပြင်မထွက်ဖို့ ပြောဆိုပြီး ခရီးသွားလာနေတဲ့ ခရီးသွားတွေကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ပြည်မကျေးရွာရှိ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်တာ မပြုလုပ်ဖို့နဲ့ စစ်ကောင်စီနဲ့ဝေးရာမှာ နေထိုင်ပေးကြဖို့ CDF-KKG က သတိပေးထားပါတယ်။