ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ ၄၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခွင့် မပေးတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မြဝတီမြို့ တောင်ဘက်မှာ စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက မြေပြင်လက်နက်ကြီးအပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဖောထူးလာထ၊ ကလာဝေါကျေးရွာက နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတဲ့အပြင် အနီးဝန်းကျင်က ဒေသခံပြည်သူ ၄၀၀ ကျော်ဟာ ထိုင်းနယ်စပ် သောင်းရင်းမြစ်ကမ်းအနီးကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေ လှုပ်ရှားတာ၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ဝင်ရောက်တိမ်းရှောင်ရာမှာ ထိုင်းအာဏာပိုင်တွေက နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့် မပေးတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလို့ သွေးချင်းညီနောင်များ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ မန်းမျိုးမြင့်က ပြောပါတယ်။
“ဟိုဘက်ရွာကနေလည်း ကရင်ရွာ၊ ဒီဘက်ရွာကလည်း ကရင်ရွာ နယ်စပ်မျဉ်းထဲမှာ နေနေတာပေါ့။ အဲတော့ သူတို့လုံခြုံရေးကိုလည်း အမြဲစိုးရိမ်တယ်။ စိုးရိမ်တဲ့အတွက် ဟိုဘက်ကိုလည်း မပြန်ရဲဘူး။ ဒါပေမဲ့ ဟိုဘက်ကို ပြန်တယ်ဆိုတာကလည်း ရှင်းရှင်းပြောရရင် သိပ်အဝေးကြီးလည်း မဟုတ်ဘူး။ နယ်စပ်ချင်းဆက်နေတာ။ အများဆုံးဝေးတဲ့ရွာကမှ ၃ မိုင်လောက် ဝေးတာ။ ဆိုတော့ အဲနားအထိ တခါတလေ သူတို့ လှည့်ကင်းနဲ့ ကြုံလို့ရှိရင် တခါတလေ ပစ္စည်းပြန်ယူတယ်။ ပြီးရင် ဒီဘက်လာနေတယ်။ မြန်မာပြည်ဘက်က စစ်တပ်တွေ ကင်းလှည့်တယ်ဆိုရင် ဒီဘက်ထဲကို ကပ်နေတာ။ ထိုင်းဘက်က နယ်စပ်တပ်ဖွဲ့ ကင်းလှည့်တယ်ဆိုရင်လည်း ဟိုဘက်ထဲကို ပြန်ကပ်နေလိုက်တယ်။ အဲလိုပုံစံမျိုးတွေနဲ့ နေရတာပေါ့။”
ဒါ့အပြင် မြဝတီတောင်ဘက် မဲကနယ်အနီးဝန်းကျင် ကျေးရွာက ဒေသခံ ၅၀၀ လောက်ဟာ မြဝတီမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်နေရပါတယ်။
အလားတူ ကေအန်ယူ တပ်မဟာ ၂ နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ် သံတောင်ကြီးမြောက်ပိုင်း ယာဒိုကျေးရွာမှာ ဇူလိုင် ၂၃ ရက် ညနေ ၃ နာရီလောက်က တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
တိုက်ပွဲနဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ယာဒိုကျေးရွာနဲ့ အနီးအနားကျေးရွာ ၄ ရွာက အိမ်ခြေ ၅၀၀ ကျော် ဒေသခံပြည်သူ ၂,၀၀၀ ကျော်နဲ့အတူ လွိုင်ကော်မြို့နယ်အတွင်းက စစ်ဘေးရှောင် ရောက်ရှိနေတဲ့ ပြည်သူတွေ ၄၀၀ ကျော်ဟာလည်း ထပ်မံထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။
ဒါ့အပြင် စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုတွေ နေ့တိုင်းလိုလို လုပ်ဆောင်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ဘေးရှောင်အရေး ကူညီပေးနေသူတဦးက “အခု ဒီတလအတွင်းကတော့ တော်တော် အခြေအနေ ပိုဆိုးလာတယ်ဆိုတာက နေ့တိုင်းလိုလိုပဲ လေယာဉ်က ကျမတို့ ဒီ သံတောင်ကြီး၊ လိပ်သို၊ ယာဒိုဘက်ခြမ်းက တလျှောက်လုံးက လေကြောင်းတိုက်ခိုက်မှုကလည်း နေ့တိုင်းလိုလိုရှိတယ်။ အခု ကျမတို့ ၁၀ ရက်အတွင်း ယာဒိုဘက်လည်း တအားဖြစ်ကြတယ်။ ဆိုတော့ အကုန်လုံးလည်း ရှောင်ကြကုန်ပြီ။ အိမ်ဖျက်ဆီးတာတို့၊ မီးရှို့တာတို့ အပျက်အစီးတွေလည်း တော်တော်များတယ်။ သူတို့ နေလို့လည်း မရတော့ဘူးပေါ့နော်” လို့ ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ မိုးကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး စစ်ကောင်စီ စစ်ကြောင်းတွေရဲ့ တားဆီးပိတ်ပင်တာတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး လတ်တလောမှာ မိုးကာစတွေ၊ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ အကူအညီ လိုအပ်နေပါတယ်။