ဇူလိုင်လ ၂၈ ရက်မှာကျရောက်တဲ့ ထိုင်းနိုင်ငံရဲ့ ဒသမမြောက် ဘုရင်ကြီး မဟာဝဇီရာလောင်ကွန်းရဲ့ အသက် ၇၁ နှစ်ပြည့် မွေးနေ့မှာ ထိုင်းနိုင်ငံတဝန်း အစိုးရဌာနဆိုင်ရာတွေက ဦးဆောင်ပြီး မွေးနေ့ဂုဏ်ပြုအခမ်းအနားကျင်းပပါတယ်။
ဘုရင့်မွေးနေ့မှာ ဘုရင့်ကြီးသက်တော်ရာရှည်စေဖို့ ဆုတောင်းတာ၊ သံဃာတော်တွေကို ဆွမ်းဆက်ကပ်လှူဒါန်းတာ၊ တိရစ္ဆာန်တွေ ဘေးမဲ့ပေးတာ၊ ထောင်တွင်းအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ စတဲ့ ကောင်းမှုကုသိုလ်တွေ နှစ်စဉ်ပြုလုပ်လေ့ ရှိပါတယ်။
ဘန်ကောက်မှာကျင်းပတဲ့ ဘုရင်ကြီးမွေးနေ့ပွဲတော်ကိုတော့ လက်ရှိယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီး ပရာယုဒ်ကျန်အိုးချားက ဦးဆောင်ပြီး အစိုးရဝန်ကြီး များအဖွဲ့နဲ့အတူ ကျင်းပခဲ့ပြီး သံဃာတော် ၁၇၂ ပါးကိုပင့်ဖိတ်ဆွမ်းဆက်ကပ်ခဲ့ပါတယ်။
ဒီနှစ်ထဲမှာ အကျဉ်းသားနဲ့ ပြစ်ဒဏ်သင့်သူပေါင်း ဘယ်နှယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး မယ်ဆိုတာတော့ မသိရသေးပါဘူး။
မနှစ်ကတော့ ဩဂုတ် ၁၂ ရက်နေ့မှာ ကျရောက်တဲ့ မယ်တော်ကြီး သီရိခေတ်ရဲ့ မွေးနေ့နဲ့ပေါင်းပြီး အကျဉ်းသားနဲ့ ပြစ်ဒဏ်သင့်သူပေါင်း ၈၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပါတယ်။
မဟာဝဇီလာလောင်ကွန်ဘုရင်ကြီးဟာ နဝမမြောက်ထိုင်းဘုရင်ကြီး ဘူမိဘောအဒူယာဒက်နဲ့ မိဖုရားကြီး သီရီခေတ်တို့ရဲ့ တဦးတည်းသောသားတော်ဖြစ်ပြီး အစ်မတော် တဦး နဲ့ ညီမတော် နှစ် ဦးတို့ ရှိပါတယ်။
၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်မှာ ခမည်းတော် နတ်ရွာစံပြီးနောက် ဘုရင်ဖြစ်လာခဲ့ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ နန်းတက်ခဲ့ပါတယ်။
ဘုရင်ကြီး ဝဇီရာလောင်ကွန်းမှာ အိမ်ရှေ့မင်းဘဝက တရားဝင်ထိမ်းမြားလက်ထပ်ခဲ့တဲ့ မိဖုရား ၃ ပါး၊ နန်းတက်ပြီးမှ လက်ထပ်တဲ့ မိဖုရား တပါးနဲ့ ကိုယ်လုပ်တော် တပါးရှိပြီး စုစုပေါင်း သားတော်သမီးတော် ၉ ပါး ထွန်းကားပါတယ်။
Photo- Khaosod