ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာအနီးမှာ ဇူလိုင် ၂၇ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ခရီးသည်တင် စက်လှေတစီး တိမ်းမှောက်ခဲ့ရာမှာ အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့တယ်လို့ မြူနီစီပယ် ဘေးအန္တရာယ်အေဂျင်စီက ပြောပါတယ်။
သင်္ဘောပေါ်မှာ လူဘယ်လောက်ရှိကြောင်း ချက်ချင်း မသိရသေးပေမဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ လူအယောက် ၄၀ လောက်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဘီနန်ဂိုနန်မြို့ရဲ့ သဘာဝဘေးအန္တရာယ်အေဂျင်စီ အကြီးအကဲက ပြောပါတယ်။
စက်လှေကို လေပြင်းတိုက်ခတ်ချိန်မှာ စက်လှေဟာ ကုန်းမြေမှ ၄၅ မီတာအကွာမှာ ရှိနေပြီး ခရီးသည်အားလုံးဟာ ထိတ်လန့်ကာ လှေရဲ့တဖက်ခြမ်းကို စုပြုံနေရာရွှေ့ကြရာကနေ သင်္ဘော တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က သီးခြားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုသီတင်းပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံကို လေတိုက်နှုန်း တနာရီ ၁၇၅ ကီလိုမီတာနဲ့ တိုက်ခတ်ခဲ့တဲ့ ဒေါ့ဆူရီ တိုင်ဖွန်းမုန်တိုင်းဟာ မြောက်ပိုင်းက လူဦးရေအများဆုံး လူဇွန်ကျွန်းကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
Source - Reuters