ဘရာဇီးနိုင်ငံတောင်ပိုင်း ပါရာနာပြည်နယ်ရှိ စိုက်ပျိုးရေး သမဝါယမအသင်းတခုမှာ ဇူလိုင် ၂၆ ရက်က စပါးသိုလှောင်ရာနေရာမှာ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးပြီး တဒါဇင်နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရနဲ့ ကုမ္ပဏီတို့က ဇူလိုင် ၂၇ ရက်မှာ ပြောကြားပါတယ်။
ဘရာဇီးနိုင်ငံရဲ့ ထိပ်တန်း လယ်ယာပြည်နယ်တွေထဲက တခုဖြစ်တဲ့ ပြည်နယ်မြို့တော် ကူရီတီဘာမှ ကီလိုမီတာ ၆၀၀ အကွာ ပါလိုတီနာမြို့ငယ်လေးရှိ C.Vale သမဝါယမ အသင်းမှာ ဖြစ်ပွားခဲ့တာပါ။
ကယ်ဆယ်ရေးသမားတွေဟာ ပျောက်ဆုံးနေသူတဦးကို ရှာဖွေနေဆဲဖြစ်တာကြောင့် ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို လတ်တလော မဆုံးဖြတ်နိုင်သေးကြောင်း C.Vale ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ပေါက်ကွဲသံကြားလို့ လှမ်းကြည့်လိုက်တာမှာ ရုတ်တရက် ဒုတိယပေါက်ကွဲမှုက မီးတောက်မီးလျှံ ဖြစ်နေပြီးတော့ ဖုန်မှုန့်တွေနဲ့ အားလုံး အပျက်အစီး အညစ်အကြေးတွေ ဖြစ်ကုန်ပြီ” လို့ ကုမ္ပဏီဝန်ထမ်း ရီနီးလ်ဒို ပယ်ရိုင်ရာက ပြောပါတယ်။
ပါရာနာပြည်နယ် အုပ်ချုပ်ရေးမှူး ဒါစီ ပီယာနာကတော့ ပျောက်နေတဲ့သူအတွက် အလွန်အမင်း စိုးရိမ်ပါကြောင်းနဲ့ ဆေးဝါးကုသမှု ခံနေရသူ လောလောဆယ် ၁၁ ယောက် ရှိကြောင်း ပြောဆိုပါတယ်။
သေဆုံးသွားသူတွေထဲက ၇ ဦးဟာ နိုင်ငံခြားသား အလုပ်သမားတွေဖြစ်ကြောင်း ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောကြားခဲ့ပြီး အများစုမှာ ဟေတီလူမျိုးတွေဖြစ်ပြီး တဦးဟာ ဘရာဇီးနိုင်ငံသားဖြစ်တယ်လို့ ဆိုပါတယ်။
Source - Reuters