ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ခရစ်ယာန်သင်းအုပ်ဆရာ တယောက်ကို အမည်မသိ လူ သုံးယောက်က ဓားနဲ့ ခုတ်ကာ ပစ္စည်းလုယက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၂၆ ရက် ညနေပိုင်းက ဆိုင်းတောင် သာယာကုန်းလမ်းအတိုင်း ဆိုင်ကယ်မောင်း ပြန်လာသူ သင်းအုပ်ဆရာကို လူ သုံးယောက်က ဓားနဲ့ ခုတ်ပြီး ဆိုင်ကယ်၊ ဖုန်းနဲ့ ငွေသား ကျပ် ၁၀သိန်းကျော် လုယက် သွားတာလို့ သိရပါတယ်။
သင်းအုပ်ဆရာနဲ့ နီးစပ်သူက "ဆိုင်းတောင်ကို ပြန်လာရင်း ညနေ ၅ နာရီလောက်က အလုခံရတာ။ ဆရာ့ကို လူသုံးဦးက ဆိုင်ကယ်တားပြီး ဆိုင်ကယ်ပေါ်ကနေ ဆွဲချတယ်။ နှစ်ယောက်က ဓါးနဲ့ လိုက်ခုတ်တယ်။ ကျန်တဲ့ တစ်ယောက်က ပစ္စည်းတွေ လုတယ်။ ဒဏ်ရာ ကြီးကြီးမားမားတော့ မရဘူး။ ပစ္စည်းတွေ ကတော့ ပါသွားတယ် "လို့ ပြောပါတယ်။
ဇူလိုင် ၁၇ ရက်ကလည်း ဆိုင်းတောင်ကျေးရွာ ယူမာလမ်းမမှာ ဆိုင်ကယ်မောင်းလာသူ အမျိုးသား တယောက်ကို အမည်မသိသေနတ်သမား ငါးယောက်က ဆိုင်ကယ်၊ ငွေ သုံးသိန်းနဲ့ ကျောက်စိမ်းတွေကို လုယူခဲ့ပါတယ်။