မွန်ပြည်နယ်၊ ဘီလင်းမြို့နယ် အလူးကျေးရွာမှာ ဇူလိုင် ၂၇ ရက် မနက် ၈ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းကို လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်တဲ့အတွက် လူနေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့သလို လက်နက်ကြီးကျည်တွေ မပေါက်ကွဲတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်-မော်လမြိုင်ကားလမ်းအတိုင်း ကျိုက်ထိုမြို့ဘက်ကနေ စစ်ကား ၁၅ စီးပါ စစ်ယာဉ်တန်းကို လမ်းလုံခြုံရေးယူပေးဖို့ ကြိုတင်ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အလူးကျေးရွာအရောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အလူးလေးအလယ်ရွာနဲ့ အနောက်ရွာလေးအတွင်းကို ကျရောက်ခဲ့ပါတယ်။
ဒေသခံရွာသားတဦးက “တိုက်ပွဲမဖြစ်ဘဲ ရွာနားရောက်တာနဲ့ ပစ်ခတ်တာ။ လမ်းလုံခြုံရေးအတွက် ရှေ့ပြေးထွက်လာတဲ့အဖွဲ့လို့ သိရတယ်။ စစ်ယာဉ်တန်း ၁၅ စီးလောက်ရှိတယ်။ ဘားအံဘက်တက်သွားတာ။ လက်နက်ကြီး လက်နက်ငယ်ပစ်တော့ ရွာက လူအကုန်ထွက်ပြေးရတယ်။ အိမ်တွေတော့ ထိခိုက်ပျက်စီးတာရှိတယ်။ ညနေ ၆ နာရီလောက် ပြန်လာပြီး ထပ်ပစ်သွားသေးတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နှစ်ဖက်တိုက်ပွဲမရှိဘဲ ရမ်းသန်းပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေဟာ တောတောင်နဲ့ ဥယျာဉ်ခြံတွေထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက် မနက် ၉ နာရီလောက်က ၊ ကျိုက်ထိုမြို့ဘက်ကနေ ဘီလင်းမြို့ဘက်ကို စစ် ကောင်စီတပ်ဖွဲ့တွေလိုက်ပါလာတဲ့ စစ်ကား ၃ စီး ရန်ကုန်-မော်လမြိုင်ကားလမ်း အလူးကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ၅ ယောက်သေဆုံး ခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့ပြီး နှစ်ဖက်တိုက်ပွဲကြောင့် အလူး၊ အလယ်၊ အနောက်ရွာလေး၊ အရှေ့ရွာလေးစတဲ့ အနီးအနားကျေးရွာက ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။