ဒီလုပ်လုပ်ဟာ အဘက်ဘက်က အကျပ်အတည်းဆိုက်နေသော အာဏာသိမ်း စစ်ကောင်စီအနေနဲ့ သူတို့သက်ဆိုးရှည်စေရေးနဲ့ ပြည်သူလူထုအပေါ် ရက်စက်စွာ ဆင်နွှဲလျက်ရှိတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ စဉ်ဆက်မပြတ် ကျူးလွန်နိုင်ဖို့ လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေကို ငွေစက္ကူအမျိုး အစားသစ် စတင်ရိုက်ထုတ်ခြင်းအားဖြင့် အရေးပေါ်ဖြည့် တင်းနိုင်ရေးအတွက် အားထုတ် ဆောင်ရွက်မှုဖြစ်ကြောင်း အန်ယူဂျီရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
တရားမဝင်အာဏာသိမ်းစစ်ကောင်စီကဖြစ်စေ၊ သူတို့ကို ထောက်ခံသော အဖွဲ့အစည်းတခုခုက ဖြစ်စေ၊ လက်အောက်ခံ အဖွဲ့အစည်းတခုခုကဖြစ်စေ ငွေစက္ကူအမျိုးအစားသစ် ရိုက်နှိပ်ထုတ်ဝေ ခြင်းဟာ တရားဝင်မှု အလျှင်းမရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
တရားမဝင်ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေခြင်းကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်စေခြင်းဟာ ပြည်သူတွေရဲ့ လုပ်အားနဲ့ ချွေးနှဲစာ စုဆောင်းငွေတွေကို တဖက်လှည့်ခိုးယူခြင်းပင် ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။
တရားမဝင်အာဏာသိမ်းစစ်ကောင်စီရဲ့ အဆင်ခြင်မဲ့ လုပ်ရပ်တွေကြောင့် ယခင် မကြုံဖူးတဲ့ ပဋိပက္ခအန္တရာယ်၊ ဆင်းရဲမွဲတေမှုနဲ့ ကပ်ရောဂါတို့ကို စုပြုံခံစားနေရချိန်မှာ အိမ်ထောင်စုတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပြည်သူလူထုအပေါ် ထပ်မံပြီး ဒုက္ခအကျပ်အတည်း ဆိုက်ရောက်စေတဲ့ ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေတာဟာ လက်ခံနိုင်ဖွယ်မရှိတဲ့ လုပ်ရပ်ဖြစ်ကြောင်းလည်း ထောက်ပြထားပါတယ်။အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံဗဟိုဘဏ်က ရိုက်နှိပ်ထုတ်ဝေမယ့် နှစ်သောင်းကျပ်တန် ငွေစက္ကူတွေကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အသိအမှတ်ပြုမှာမဟုတ်ကြောင်းနဲ့ တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း NUG အစိုးရက ထုတ်ပြန်ထားပါတယ်။