မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သူ့ရဲ့ အထီးကျန်နိုင်ငံကို ရှားရှားပါးပါး လာရောက်တဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေရွှိုင်ဂူနဲ့ ဇူလိုင် ၂၆ ရက်က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံစလုံးဟာ ဆက်ဆံရေးမြှင့်တင်ဖို့ ကတိပြုခဲ့ကြကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ရုပ်မြင်သံကြားက ဖော်ပြပါတယ်။
ရွှိုင်ဂူဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ဆီက စာတစောင်ကို ကင်မ်ကို ပေးအပ်ခဲ့ကြောင်း မီဒီယာက ပြောကြားခဲ့ပါတယ်။
ကင်မ်ကလည်း ရွှိုင်ဂူ ဦးဆောင်တဲ့ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်တဲ့အတွက် ပူတင်ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး ဒီဆွေးနွေးပွဲဟာ မဟာဗျူဟာမြောက်ပြီး အစဉ်အလာရှိတဲ့ မြောက်ကိုရီးယား-ရုရှား ဆက်ဆံရေးကို နက်ရှိုင်းစေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
ရုရှားကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် လီဟုန်ကျုံး အပါအဝင် တရုတ်ကိုယ်စားလှယ် အဖွဲ့တို့ဟာ မြောက်ကိုရီးယားမှာ ကျင်းပတဲ့ ကိုရီးယားစစ်ပွဲ ပြီးဆုံးခြင်း နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့အတွက် အခုသီတင်းပတ်အတွင်း မြောက်ကိုရီးယားကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
Source - Reuters