အခြေခံပညာသင်ရိုးသစ်အတန်းတွေဖြစ်တဲ့ Grade 10, Grade 11 နဲ့ Grade 12 အတန်းတွေရဲ့ ဘာသာရပ်တချို့အတွက် ဂဏန်းပေါင်းစက် အသုံးပြုရမယ်လို့ ပညာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။
အဆိုပါအတန်းတွေရဲ့ သင်္ချာဘာသာရပ်အတွက် သင်ကြားသင်ယူမှုနဲ့ စာမေးပွဲတွေမှာ Non Programmable Calculator ကို ဦးစွာ အသုံးပြုခွင့်ပေးထားပေမဲ့ အခုအခါ Grade 11 နဲ့ Grade 12 အတန်းတွေရဲ့ ရူပဗေဒဘာသာရပ်အတွက်လည်း ဂဏန်းပေါင်းစက် အသုံးပြုခွင့် ပေးလိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် Grade 10, Grade 11 နဲ့ Grade 12 ရဲ့ ဓာတုဗေဒဘာသာရပ်အတွက်ကိုလည်း CASIO fx-991ES PLUS နဲ့ အဆင့်တူ ဂဏန်းပေါင်းစက်ကိုလည်း သင်ကြားသင်ယူချိန်နဲ့ စာမေးပွဲတွေမှာပါ အသုံးပြုခွင့်ရမယ်လို့ စစ်ကောင်စီပညာရေးဌာန အရာရှိတဦးက ပြောပါတယ်။
“တချို့ပုစ္ဆာတွေသင်တဲ့နေရာမှာ ဂဏန်းပေါင်းစက်နဲ့မှ အဖြေရှာရတာ အဆင်ပြေတယ်။ ဆရာတွေလည်း ရှင်းပြရတာ ပိုမိုလွယ်ကူစေတယ်။ သင်ရိုးညွှန်းတမ်းတွေက အဆင့်မြှင့်ထားတဲ့အတွက် သင်ထောက်ကူပစ္စည်းတွေနဲ့ အဆင်ပြေမှာဖြစ်တဲ့အတွက် အသုံးပြုခွင့် ပေးတာပါ။”
အရင်က အခြေခံပညာအတန်း အထက်တန်းအဆင့်ရဲ့ ဘာသာရပ်တွေမှာ ဂဏန်းပေါင်းစက် အသုံးပြုခွင့် မပေးထားဘဲ တက္ကသိုလ်အဆင့်မှသာ ဂဏန်းပေါင်းစက် အသုံးပြုခွင့် ရှိခဲ့တာပါ။
လက်ရှိမှာ ဒီလို ဂဏန်းပေါင်းစက် အသုံးပြုခွင့် ပေးထားပေမဲ့ ပညာရေးဌာနက ထောက်ပံ့မှာမဟုတ်ဘဲ ကျောင်းသားကျောင်းသူတွေအနေနဲ့ မိမိအစီအစဉ်နဲ့ ဝယ်ယူအသုံးပြုရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အသုံးပြုခွင့်ပေးထားတဲ့ CASIO fx-991ES PLUS တလုံးရဲ့ တန်ကြေးဟာ မြန်မာငွေ ၃၅၀၀၀ ကနေ ၅၅၀၀၀ လောက်အထိ တန်ကြေးရှိတာကြောင့် ငွေကြေးချို့တဲ့တဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ဝန်ထုပ်ဝန်ပိုးတခု ဖြစ်လာနိုင်တယ်လို့ ဆရာ၊ ဆရာမတွေကလည်း ပြောပါတယ်။