အာဟာရချို့တဲ့မှု ဝေဒနာကို ခံစားနေရတဲ့ ဆူဒန်ကလေးတွေဟာ ဆူဒန်နိုင်ငံ နယ်စပ်က ချဒ်သမ္မတနိုင်ငံ အက်ဒရီမြို့မှာ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) က ဦးစီးတဲ့ မြေပြင်ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။
အဲဒီဆေးရုံမှာ လူနာ ၂၀၀ လောက်ကို လက်ခံထားရှိပြီး သူတို့ထဲက ၈၀ ရာခိုင်နှုန်းဟာ အာဟာရချို့တဲ့နေကြသလို တချို့ကလေးတွေဟာ ရောဂါကျွမ်းနေပြီး ပြင်းထန်တဲ့ အခြေအနေတွေဖြစ်ကြောင်း စီမံကိန်း လက်ထောက်ညှိနှိုင်းရေးမှူး ဒဲနစ်စ် ဘက်စ်ဒဗန့်က ပြောပါတယ်။
“အရင်က ကုတင် ၃၅ - ၄၀ လောက် ဆံ့တဲ့ ဆေးရုံဖြစ်ခဲ့ပြီး နှစ်ပတ်အတွင်းမှာပဲ ခရီးရှည်ကြီး ရောက်လာကြတဲ့ ဒုက္ခသည်တွေ၊ ကလေးတွေနဲ့ မိခင်တွေလည်း များပြားလာပြီး ဒီဖွဲ့စည်းပုံမှာပဲ လူနာ ၃၀၀ နီးပါးအထိ တိုးလာခဲ့တာ။”
သူတို့ရဲ့ခရီးက ရှုပ်ထွေးပြီး စခန်းတွင်းအခြေအနေတွေကလည်း ရှုပ်ထွေးတာကြောင့် သူတို့လည်း အရောက်နောက်ကျကြလို့ လူနာအများအပြားဟာ ဆေးရုံရောက်လာတဲ့အခါ အဆောက်အဦရဲ့ ဝင်ပေါက်မှာပဲ အခြေအနေတွေက ပြင်းထန်နေပြီလို့ ပြောပြပါတယ်။
ဒါကြောင့် လူနာ ၂၀၀ မှ ၂၅၀ အထိ ထားရှိနိုင်ဖို့ အဆောက်အဦကို ပြန်ပြင်ဆင်ဖို့နဲ့ လူနာတွေကို ပြုစုစောင့်ရှောက်ပေးဖို့ လူ့စွမ်းအားအရင်းအမြစ်တွေအားလုံးကို စုစည်းပြီး လေ့ကျင့်ပေးဖို့လည်း လိုအပ်နေတယ်လို့ စီမံကိန်း လက်ထောက်ညှိနှိုင်းရေးမှူး ဒဲနစ်စ် ဘက်စ်ဒဗန့်က ပြောပါတယ်။
ဆူဒန်နိုင်ငံမှာ ရက်ပေါင်း ၁၀၀ ကျော် ကြာလာပြီဖြစ်တဲ့ တိုက်ပွဲတွေဟာ အနောက်ဒါဖာဒေသမှာ RSF အရန်တပ်ဖွဲ့တွေနဲ့ အာရပ်ပြည်သူ့စစ်တွေရဲ့ လူမျိုးရေးအရ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဖြစ်လာပြီး လူထောင်ပေါင်းများစွာ ချဒ်နိုင်ငံကို ထွက်ပြေးခဲ့ကြရပါတယ်။
Source - Reuters