Home
ဆောင်းပါး
ရုပ်ရှင် ပြတိုက်နှင့် ပုလင်းခွံ ဘူးခွံများ
DVB
·
July 26, 2023
Article 7

၁။

“သွားလေကွာ ဘာလို့ဘေးကပ်ရပ်နေတာလဲ”

ကျနော်က မိုးမိုးထွန်း၏စကားကို မကြားချင်ယောင်ပြုကာ လူသွားလမ်းဘေး နံရံကို ကျောပေးကပ်ကာ ရပ်မြဲရပ်နေ၏။

“ငါ့ညီမ သွားချင်သွားနှင့်၊ အပေါက်ဝကနေ ငါ့ကိုစောင့်နော်”

မိုးမိုးထွန်းက ဇဝေဇဝါမျက်နှာထားနှင့်ပင် ကျနော့်ကို ထားခဲ့ကာ လူအုပ်နှင့်ရောလျက် ရုံအပြင်ဘက်သို့ ထွက်သွားနှင့်၏။ အပေါက်ဝတွင် လူသွားလမ်းဘေး ကျန်နေရစ်ခဲ့သော ကျနော့်ကို လူတွေကြားမှ တချက်မျှ လှမ်းကြည့်သေး၏။ ကျနော်က သူ့ကို ပြုံးပြကာ ‌ကုတ်အင်္ကျီအိတ်ကပ်ထဲက ပလတ်စတစ်အိတ်ကို ထုတ်၏။ လူသွားလမ်းဘေး အမှိုက်ပုံးတခုချင်းစီ ဖွင့်ကာ ပုလင်းခွံ၊ ဘူးခွံများကို နှိုက်ယူပြီး ပလတ်စတစ်အိတ်ထဲသို့ ထည့်၏။ ရုပ်ရှင်ရုံအပြင်ဘက် အပေါက်ဝတွင် မိုးမိုးထွန်းက တအံ့တဩ မျက်နှာနှင့် ရပ်စောင့်နေ၏။

“အဲဒါ ဘာလုပ်တာလဲ ကိုငြိမ်းဝေ၊ ဘာတွေ လုပ်တာလဲ”

ကျနော်က “နေဦး၊ ပြီးတော့ ငါ ရှင်းပြမယ်” ဟုပြောကာ ရုပ်ရှင်ရုံဘေး စတိုးဆိုင်ရှိရာ ထွက်လာလိုက်၏။ မိုးမိုးထွန်းက မျက်နှာစူအောင့်ကာ ဘေးဘီကို တချက်ဝေ့ကြည့်ကာ နောက်မှ လိုက်လာ၏။ သို့သော် ကျနော်နှင့် ခွာပြီးမှ လိုက်၏။ ကျနော်က စတိုးဆိုင်ဘေး နံရံပေါ်က ပုလင်းခွံ ဘူးခွံများသွင်းရာ ခလုတ်တခုကို နှိပ်၏။ တံခါးလေးတချပ် ပွင့်သွားကာ ပုလင်းများတင်ရာ စင်ကလေး အပေါက်ဝတွင် လာပြီးရပ်၏။ ကျနော်က ပုလင်းခွံတခုကို ထောင်ပြီး တင်လိုက်သောအခါ စင်ကလေးက သူ့အလိုအလျောက် ရွေ့သွား၏။ ထို့နောက် အပေါက်ဝတွင် စင်ကလေး ပြန်ပေါ်လာ၏။ ကျနော်က ပုလင်းခွံတခု တင်ပေးလိုက်သောအခါ စင်ကလေးက စက်သံ တချက်ကြားကာ ရွေ့သွားပြန်၏။ သည်လိုနှင့် ကျနော်သည် ပလတ်စတစ်အိတ်ထဲက ပုလင်းခွံ ဘူးခွံများ ကုန်အောင် တင်ပေးလိုက်၏။ ပြီးနောက် ခလုတ်ကလေးကို နှိပ်၏။ ပွင့်နေသော တံခါးလေး ပြန်ပိတ်သွားကာ နံရံထဲက ငွေပြေစာ စလစ်စာရွက်ကလေးတခု ထွက်လာ၏။ ကျနော်က ဖျတ်ခနဲ ယူကြည့်သောအခါ ခရိုနာ ၂၀ ရေးထားသည်ကို တွေ့ရသဖြင့် ကျေနပ်သွားရ၏။ ထိုအခါကျမှ သတိတချက်ရကာ မိုးမိုးထွန်းကို အားနာသောမျက်နှာပေးနှင့် ပြုံးပြလိုက်ရ၏။

အိမ်အပြန် ဘတ်စ်ကားမှတ်တိုင်တွင် လူချင်းခွဲခါနီးအထိ ကျနော် ပြောပြသမျှ မိုးမိုးထွန်းက တအံ့တဩ နားထောင်နေခဲ့၏။ ဘတ်စ်ကားပေါ်တက်ခါနီးတွင် မိုးမိုးထွန်းက ကျနော့်ကို စကားတခွန်း လှမ်းပြောပြီးမှ ဘတ်စ်ကားပေါ် တက်လေသည်။ မိုးမိုးထွန်း၏ နှုတ်ဆက်စကားအတွက် ကျနော့်မှာ အလိုလိုပြုံးမိသွား၏။ မိုးမိုးထွန်း၏ နှုတ်ဆက်စကားမှာ….

“နောက်တခါ ရုပ်ရှင်ကြည့်ရင် ကိုငြိမ်းဝေကြီးနဲ့ ကျမ အတူတူလိုက်မကြည့်တော့ဘူး” ဟူ၍ ဖြစ်လေသည်။

၂။

၁၉၉၅ ခု။

ကျနော် အော်စလိုမြို့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB တွင် အသံလွှင့်သမားအဖြစ် တာဝန်ထမ်းဆောင်တော့ လစာ ခရိုနာ ၃,၇၀၀ ရ၏။ ကျနော်လို အသံလွှင့်သမား ရှစ်ယောက် လစာအတူတူ ရကြပါသည်။

ကျနော်က ကြိုသိထားတာ မဟုတ်သည့်အပြင် နယ်စပ် တောထဲမှာ နေစဉ်ကတည်းက ဘာတာဝန်ပဲ လုပ်လုပ် လစာတို့ အခကြေးငွေတို့ ရခဲ့ရိုးထုံးစံ မရှိသည်မို့ အခုလို လစာရလာတော့ အံ့ဩဝမ်းသာရ၏။ သည်အဖြစ်က ကျနော်ရယ်လို့မဟုတ်။ နယ်စပ်ရောက် မည်သည့်တော်လှန်ရေးရဲဘော်မဆို လစာရယ်လို့ မရှိကြပါ။ သည်ကိစ္စကို မည်သည့်ရဲဘော်ကမှလည်း စိတ်မဝင်စားကြပါ။ ထို့ကြောင့် အော်စလို ရောက်ပြီး အသံလွှင့်သမားတာဝန် ထမ်းဆောင်သည့်အခါ လစာရလာတော့ ထီပေါက်သလိုတောင် ပျော်သွားခဲ့ရ၏။ သို့သော်လည်း တကိုယ်ရေအသုံးအဆောင်တွေ ဝယ်ရ၊ စားစရိတ်ချန်ရ၊ တခြား လူမှုရေးလိုအပ်ချက်တချို့အတွက် သုံးရနှင့် ရသည့်လစာ ခရိုနာ ၃,၇၀၀ က ပိုသည်ရယ်ကို မရှိပါ။ တချို့လတွေဆိုလျှင် ဒုညွှန်ကြားရေးမှူး အန်တီပြုံး (ဒေါ်ခင်ပြုံး ပထစအစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီး သခင်သာခင်ရဲ့သမီး) ဆီက ကြိုတင်ငွေ ခဏခဏ ထုတ်နေရမြဲ။

တခါတရံ ဟိုနား သည်နား သွားဖို့ ဘတ်စ်ကားခမရှိတာမျိုး ပြတိုက်တို့၊ ရုပ်ရှင်ရုံတို့ သွားချင်ပေသည့် ပိုက်ဆံမရှိလို့ မသွားရတာမျိုးလည်း ရှိခဲ့၏။ စာအုပ်ဆိုင်ထဲက စာအုပ်တချို့ မဝယ်နိုင်လို့ ဒီအတိုင်း ပြန်ချထားခဲ့ရတာမျိုးကလည်း ခဏခဏ။ သည်လိုအချိန်မှာပဲ မိတ်ဆွေတယောက်က အထိုက်အလျောက် ဘေးပေါက်ဝင်ငွေရနိုင်မည့် နည်းလမ်းတခု ကျနော့်ကို ပေးလာခဲ့ပါသည်။ လမ်းဘေး အမှိုက်ပုံးများထဲက ပုလင်းခွံ ဘူးခွံများကို ကောက်ယူကာ လမ်းဘေးစတိုးဆိုင်တချို့တွင် ရောင်းချခြင်းဖြင့် ဘေးပေါက်ဝင်ငွေ ရနိုင်သည်ဟူသော အကြံဉာဏ်ပင် ဖြစ်သည်။

ထိုစဉ်က အော်စလိုမြို့ လမ်းဘေးအမှိုက်ပုံးများမှာ အင်မတန် သန့်ပြန့်ကြပါသည်။ တချို့နေရာများမှာဆိုလျှင် အစိုပုံး အခြောက်ပုံးဟူ၍ပင် ခွဲပေးထားတတ်၏။

ကျနော် နေသည့်အိမ်နှင့် အသံလွှင့်ဌာနရုံးမှာ မိနစ်နှစ်ဆယ်မျှ လမ်းလျှောက်သွားလျှင် ရောက်၏။ တခါတရံ ကျနော်တယောက်တည်း ရုံးသို့သွားလျှင် ပြန်လျှင် ကျနော်က ကုတ်အင်္ကျီထဲ အသင့်ထည့်လာသော ပလတ်စတစ်အိတ် ခပ်ကြီးကြီးထဲ ပုလင်းခွံ ဘူးခွံများ ကောက်ထည့်လာခဲ့၏။ အားလပ်ရက်များတွင် စတိုးဆိုင် တဆိုင်ဆိုင်ဘေးက ပုလင်းခွံ ဘူးခွံသွင်းရာစက်ထဲ ပုလင်းခွံ ဘူးခွံများ သွင်း၏။ ရရှိလာသည့် ငွေပြေစာ စာရွက်ကလေးကို စတိုးဆိုင်ထဲက ကောင်တာတွင် ပြပြီး ပိုက်ဆံထုတ်၏။ တချို့စတိုးဆိုင်များကမူ ‌ပိုက်ဆံမပေးဘဲ စတိုးဆိုင်ထဲက ပစ္စည်းတခုခုကို ကိုယ်ရသည့် ငွေတန်ဖိုးအရ ဝယ်ရ၏။

၃။

အော်စလိုတွင်ရှိနေစဉ် ပုလင်းခွံ ဘူးခွံများမှ ရရှိသည့် ပိုက်ဆံဖြင့် နောက်ပိုင်းတွင် စာအုပ်များ ဝယ်နိုင်လာခဲ့ပါသည်။ ရုပ်ရှင်ဖိုး ပြတိုက်ဖိုး အတော်များများ အထောက်အကူဖြစ်လာ၏။ စာအုပ်များလည်း ဝယ်၏။ အထူးသဖြင့် ထိုဘေးပေါက်ဝင်ငွေဖြင့် ဝယ်ခဲ့သည့်စာအုပ်များကို ကျနော် အင်မတန်မြတ်နိုး၏။ ရှာဖွေဝယ်ယူရန် ခက်ခဲလှသည့် ရုရှားကဗျာဆရာများ၊ အရှေ့ဥရောပကဗျာဆရာများ၊ အာဖရိကတိုက် ကဗျာဆရာများ၊ အာရေဗီယန် ကဗျာဆရာများ၏ ကဗျာစာအုပ်များကို အော်စလိုက လမ်းဘေးစာအုပ်အဟောင်းဆိုင်များမှ ရှာဖွေဝယ်ယူနိုင်ခဲ့၏။ ပြတိုက်များစွာအနက်က နော်ဝေပန်းချီဆရာကျော် အက်ဗတ်မွန့်ခ် ပြတိုက်ဆိုလျှင် အနည်းဆုံး တလတကြိမ် တခါတရံ နှစ်ကြိမ် သုံးကြိမ် ရောက်၏။ ဗိုက်ကင်းပြတိုက် ခေတ်ပြိုင်ပန်းချီပြတိုက်များကိုလည်း အချိန်မှန်မှန်ရောက်၏။ အမျိုးသားပြတိုက်ကြီးမှ ပြတိုက်ဝန်ထမ်းတချို့ဆိုလျှင် ကျနော်နှင့် ရင်းနှီးခင်မင်၍ပင် လာရ၏။ ပန်းပုဆရာကြီး ဗီဂီလန်းရဲ့ ကမ္ဘာကျော် ကိုယ်တုံးလုံး ကျောက်ရုပ်ပန်းခြံဆိုလျှင် အကြိမ်ပေါင်းပင် မရေနိုင်လောက်အောင် ရောက်၏။ ထိုစဉ်က ပြတိုက်ဝင်ကြေးနှင့် ရုပ်ရှင်ရုံဝင်ကြေးများမှာ ခရိုနာ ငါးဆယ်ဝန်းကျင်စီ ဖြစ်ကြ၏။

အော်စလိုက လမ်းဘေးစတိုးဆိုင်များတွင် ပုလင်းခွံ ဘူးခွံများ သွင်းခဲ့ ရောင်းခဲ့ခြင်းဖြင့် ကျနော်ဝါသနာပါရာ စာပေအနုပညာ နေရာဌာနအားလုံးသို့ ရောက်နိုင် သွားနိုင်ခြင်းကြောင့် အဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးများ ရခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည်။ သို့သော်  မိမိအတွက် အကျိုးယုတ်ခဲ့သည့်အဖြစ်တခု‌တော့ ရှိပါသည်။

ကျနော်နှင့် လုပ်ဖော်ကိုင်ဘက်ရဲဘော်လည်းဖြစ် ညီမသဖွယ် ခင်မင်ရသူ မိုးမိုးထွန်း တယောက်ကမူ နောင်အခါ ကျနော်နှင့်အတူ ရုပ်ရှင် ဘယ်အခါမျှ လိုက်မကြည့်တော့သည့် အကျိုးတခုတော့ ယုတ်လျော့ခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည်။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

(လွမ်းမောဖွယ် အော်စလို နေ့ရက်များသို့)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024