Home
မြန်မာသတင်း
မူဆယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲ၊ ပြည်သူ ၁ ဦးသေဆုံး
DVB
·
July 25, 2023
SACAirStrikeMuSe25072023

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်၊ နမ့်အွမ်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား ဇူလိုင် ၂၅ ရက်က တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်တာကြောင့် နမ့်အွမ်ရွာအနီး ဆိုင်းခေါင်ရွာက လူနေအိမ်သုံးလုံးမှာ ဗုံးကျရောက်ထိမှန်ကာ ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံအမျိုးသမီးတဦးက “၁ ယောက်သေ ၂ ယောက်ထိ။ အမျိုးသား ၁ ဦးသေ။ ကျား ၁၊ မ ၁ ဒဏ်ရာရ။ ရွာသားတွေ တရွာလုံး သူတို့က ဘုန်းကြီးကျောင်းမှာ ထွက်ပြေးတိမ်းရှောင်ရတယ်။ ထိခိုက်တဲ့အိမ်က သုံးအိမ်ထိတယ်။ ဆိုင်းခေါင်ကျေးရွာမှာ ဖြစ်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား အဲဒီ နမ့်အွမ်၊ ကောင်းဝိန်း၊ ဆိုင်းခေါင်တကြော မနေ့ ဇူလိုင် ၂၄ ရက် ညကစ တိုက်ပွဲဖြစ်ပွားနေတာလို့ ဆိုပါတယ်။

“TNLA တပ်စခန်း လာဖြိုတာလို့ကြားတယ်။ နမ့်အွမ်ရွာရဲ့ အနောက်ဘက် ဒုတိယတောင်ကြော လွယ်မောက်တောင်ဘက် ထင်တယ်။ လေယာဉ်နဲ့တော့ ဗုံးကြဲခဲ့ပြီး ပြန်ခေါက်ပြီး ပြန်ပြန်လာကြဲနေတာ။ ၁၀၅ မိုင်ထိ တက်သွားပြီး ဆင်းလာပြီး လာကြဲတဲ့ပုံစံဖြစ်တယ်။ ဒီနေ့ လေယာဉ်နဲ့ ဗုံးလာကြဲတာ ပြည်သူ့နေအိမ် ၁ လုံး၊ အဲ့အိမ်က ပြည်သူ ၁ ယောက် သေသွားပြီ။ ဆိုင်းခေါင် ပလောင်ရွာ” လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

နမ့်အွမ်ရွာအနီးနားက လူတွေက ခရစ်ယာန်တွေရော၊ ဗုဒ္ဓဘာသာတွေရော နမ့်အွမ်ရွာထဲ ထွက်ပြေးလာပြီး တိမ်းရှောင်ခိုလှုံနေကြရကာ နမ့်အွမ်ရွာလယ်က လူတွေက ကိုယ့်အိမ်မှာ ကိုယ်ပဲ ငြိမ်ငြိမ်နေကြရတယ်လို့ သူက ပြောပါတယ်။

“ဘာလက်နက်ကိုင်မှ လာနေတာ မလိုချင်ဘူး ရွာမှာ။ TNLA ရော KIA ရော စစ်ကောင်စီရောပဲ။ TNLA တွေကလည်း ရွာမှာလာနေ၊ စစ်ကောင်စီကလည်း ရွာမှာလာပစ်လို့ အခု ပြည်သူတွေ ဒီလိုဖြစ်တာ။ ပြည်သူတွေက ဘယ်သူ့ကို အားကိုးရမှာလဲ။ ပြည်သူတွေ အလကားနေရင်း သေရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မနေ့ ဇူလိုင် ၂၄ ရက် ည ၉ နာရီလောက်ကစပြီး လက်နက်သေးတွေနဲ့ အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ပွားနေပြီး ည ၁ နာရီနဲ့ ၂ နာရီကြားမှာ စစ်ကောင်စီဘက်က ၁၀၅ မိုင်နဲ့ နမ့်ဖတ်ကာဘက်က အမြောက်ကြီးတွေ ပစ်ကူနေတာကြောင့် နမ့်အွမ်ဈေးမှာ ကျည် ကျရောက်ပေါက်ကွဲကာ ဈေးဆိုင်ခန်းတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံ လူငယ်တဦးက ပြောပါတယ်။

ဒါ့အပြင် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာအနီးက မိုင်ဆောင်ဝ်ကုန်းမှာလည်း တိုက်ပွဲမရှိဘဲနဲ့ နမ့်ဖတ်ကာ ခလရ-၁၂၃ စစ်ကောင်စီတပ်က စစ်တပ်အနောက်ဘက်ကို ဇူလိုင် ၂၄ ရက် ည ၁၁ နာရီခွဲလောက်မှာ လက်နက်ကြီး ရမ်းသန်းပစ်ခတ်လိုက်တာကြောင့် နေအိမ် ၁ လုံး လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

မူဆယ်မြို့ပေါ် ရပ်ကွက်တချို့နဲ့ မြို့နဲ့ထိစပ်နေတဲ့ တောစပ်တွေဘက်မှာ မနေ့ ဇူလိုင် ၂၄ ရက် ည ၁၀ နာရီခွဲခန့်ကစ နာရီအနည်းငယ်ကြာ လက်နက်ငယ်တွေ ပစ်ခတ်နေပြီး လက်နက်ကြီး ပစ်ခတ်သံတွေပါ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက် ညနေပိုင်းကလည်း မူဆယ်နဲ့ နမ့်ခမ်းကြား ဇယ်လန့်ရွာအနီးမှာ စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့နဲ့ TNLA၊ PDF တို့အကြား ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024