အယ်လ်ဂျီးရီးယားနိုင်ငံရဲ့ တောင်တန်းဒေသတွေဖြစ်တဲ့ ဘေဂျားယားနဲ့ အယ်လ်ဘွေရာ ဒေသ တွေမှာ တောမီးလောင်ကျွမ်းတာကြောင့် လူ ၁၅ ဦး သေဆုံးခဲ့တယ်လို့ ဇူလိုင် ၂၄ ရက်မှာ ပြည်ထဲရေးဝန်ကြီး ဌာနက ပြောပါတယ်။
မြောက်အာဖရိက နဲ့ ဥရောပ တောင်ပိုင်းတို့မှာ အပူလှိုင်းတွေ ပျံ့နှံ့နေခဲ့ပါတယ်။ မီးလောင်မှု အတွင်း စစ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ အယ်လ်ဂျီးရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်သမား ၇၅၀၀ လောက်က ကြိုးစား ငြှိမ်းသတ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဘူမားဒက်စ်၊ တီဇီအူဇူ၊ ဂျီဂျယ်၊ စကီကေဒါ ဒေသတွေမှာလဲ မီးသတ်သမားတွေက မီးငြှိမ်းသတ်ခဲ့ရပါတယ်။
လူပေါင်း ၁၅၀၀ လောက်ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးရပါတယ်။ တူနီးရှားမြို့ တချို့မှာ အပူချိန် ၄၉ စင်တီဂရိတ် (၁၂၀ ဖာရင်ဟိုက်) အထိ အပူချိန်မြင့်မားနေပြီး မြောက်အာဖရိက နိုင်ငံတွေမှာ ကြီးမားတဲ့ အပူလှိုင်းတခု ဖြတ်သန်းနေပါတယ်။
Source-Reuters