အာဖဂန်နစ္စတန်နိုင်ငံမှာ ဒီသီတင်းပတ်ကုန်က နေအိမ်တွေ မျောပါသွားအောင် ရွာသွန်းခဲ့တဲ့ မုတ်သုံမိုးကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ဇူလိုင် ၂၃ ရက်မှာ ပြောပါတယ်။
ကဘူးလ်မြို့တော် အရှေ့ဘက် ၄၆ ကီလိုမီတာ (၂၉ မိုင်) အကွာ ဂျာလ်ရက်ဇ်ခရိုင်မှာ မိုးရွာသွန်းပြီးနောက် နေအိမ်ရာနဲ့ချီ မျောပါသွားပြီးနောက်မှာ အနည်းဆုံး အယောက် ၃၀ သေဆုံးခဲ့ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ရှာဖှီ ရာဟီမီ က ပြောပါတယ်။
ခရိုင် ၂ ခုလုံးမှာ စုစုပေါင်း လူ ၇၀ ကျော် ဒဏ်ရာရခဲ့ကြောင်းနဲ့ နောက်ထပ် လူအယောက် ၄၀ ထက် မနည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
အာဖဂန် တာလီဘန်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က ဝမ်းနည်းကြောင်း သဝဏ်လွှာကို ထုတ်ပြန်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကဘူးလ်အုပ်ချုပ်ရေးအဖွဲ့တွေကိုလည်း ကျန်ရစ်သူ မိသားစုတွေကို ကူညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒုက္ခသည်တွေရဲ့ ပြဿနာက လိုအပ်သလောက် အကူအညီ မရတာဖြစ်ကြောင်း၊ NGO တွေနဲ့ တာလီဘန်အရာရှိတွေက လာကူညီကြပေမယ့် ဒီအကူအညီတွေက သူတို့အတွက် မလုံလောက်ဘူးလို့ လို့ ရေဘေးဒဏ်သင့် ရှားရ် မိုဟာမက် က ပြောပါတယ်။
မနှစ်က မုတ်သုံရာသီ ရေလွှမ်းမိုးမှုကြောင့် အာဖဂန်နစ္စတန်မှာ လူဒါဇင်နဲ့ချီ သေဆုံးခဲ့ပြီး ရာနဲ့ချီတဲ့ နေအိမ်တွေနဲ့ တိရစ္ဆာန်တွေ မျောပါသွားခဲ့ပါတယ်။
Source-Reuters