တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ၊ ဟိုင်လောင်ကျန်ပြည်နယ်၊ ချီချီဟာမြို့မှာ ဇူလိုင် ၂၃ ရက်က စာသင်ကျောင်း အားကစားရုံတစ်ခုရဲ့ အမိုးပြိုကျခဲ့တာကြောင့် သေဆုံးသူ ၁၁ ဦး အထိ ရှိလာခဲ့တယ်လို့ ကယ်ဆယ်ရေးသမားတွေက အတည်ပြုပါတယ်။
ဒီပြိုကျမှုအတွင်း ပိတ်မိကာ သေဆုံးသွားရတဲ့ နောက်ဆုံးကျောင်းသား ၁ ဦးကို ရှာတွေ့ခဲ့ပြီးနောက် အခင်းဖြစ်ရာမှာတင် သေဆုံးသူ ၅ ဦး အထိရှိခဲ့ပြီး နောက်ထပ် ၆ ဦးကတော့ ဆေးကုသမှု ခံယူခဲ့ပေမယ့် အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒီ မတော်တဆမှုဖြစ်ပွားရာ ချီချီဟာမြို့ရှိ အမှတ် (၃၄) အလယ်တန်းကျောင်းရဲ့ အားကစားရုံမှာ လူပေါင်း ၁၉ ဦးအထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။
အဲဒီထဲက ၄ ဦးက ကိုယ်လွတ်ရုန်းနိုင်ခဲ့ပေမဲ့ ကျန်ရှိနေတဲ့ ၁၅ ဦးကတော့ ပိတ်မိနေခဲ့တာ ဖြစ်တယ်လို့ ဒေသန္တရ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးဆိုင်ရာဌာနချုပ်က ပြောကြားပါတယ်။
ဒီအားကစားရုံနဲ့ ကပ်လျက်မှာရှိတဲ့ သင်ကြားရေး အဆောင်အအုံတခု တည်ဆောက်မှုအတွင်း ဆောက်လုပ်ရေးသမားတွေက အပင်စိုက်ပျိုးရေးသုံး အဖြူရောင်စေ့တွေကို ခေါင်မိုးပေါ်မှာ စည်းကမ်းမဲ့စွာ နေရာချထားခဲ့တာဖြစ်တယ်လို့ ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ သိရပါတယ်။
အဲဒီနောက် မိုးရွာသွန်းချိန်တွေမှာ ဒီအစေ့တွေက ရေကို စုပ်ယူထားနိုင်တဲ့အတွက် အလေးချိန်တက်လာခဲ့ပြီး ခေါင်မိုးပြိုကျသွားခဲ့တာ ဖြစ်ပါတယ်။
ကယ်ဆယ်ရေး လုပ်ငန်းစဉ်ကို အဆုံးသတ်လိုက်ပြီ ဖြစ်ပေမယ့် အသေးစိတ် စုံစမ်းမှုတွေကတော့ ပြုလုပ်နေဆဲပါ။ လောလောဆယ်မှာ ဒီဆောက်လုပ်ရေးကုမ္ပဏီရဲ့ တာဝန်ရှိသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
Source-Reuters