မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ နိုင်ငံရေးပါတီတွေဟာ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို လုပ်လို့ရနိုင်တဲ့အခြေအနေမှာ ရှိမနေသလို စစ်ကောင်စီ ကျင်းပမယ်လို့ ကတိပေးထားတဲ့ ရွေးကောက်ပွဲ ဆိုတာကလည်း မသေချာမရေရာတဲ့ အနေအထားမှာ ရှိနေတယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တနှစ်အတွင်း ရွေးကောက်ပွဲပြန်ပြီးကျင်းပမယ်လို့ စစ်ခေါင်းဆောင်က လိမ်ညာပြောဆိုခဲ့ပြီး နောက်ပိုင်းမှာလည်း ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ အကြိမ်ကြိမ်ထပ်မံပြောဆိုနေပေမဲ့ အချိန် ၂ နှစ်ခွဲလောက်ရှိလာချိန်အထိ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသေးပါဘူး။
နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေသစ်ကိုလည်း ပြင်ဆင်ပြဋ္ဌာန်းပြီး ပါတီတွေကို မှတ်ပုံပြန်တင်စေခဲ့ကာ ၁၉၉၀၊ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ အပြတ်အသတ်နိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသားပါတီတွေထဲမှာ နေရာအများဆုံး အနိုင်ရရှိခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ အပါအဝင် အစဉ်အလာရှိတဲ့ နိုင်ငံရေးပါတီကြီးတွေက မှတ်ပုံပြန်မတင်ခဲ့ကြပါဘူး။
စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ၊ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ၊ သက်တမ်းရင့် တစညပါတီ စတဲ့ပါတီတွေအပါအဝင် မှတ်ပုံတင် ပြန်လျှောက်ထားတဲ့ ပါတီတွေကတော့ ၆၃ ပါတီအထိရှိခဲ့ပါတယ်။
စစ်ကောင်စီအနေနဲ့ကတော့ လာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ သူတို့ရဲ့ အာဏာသက်တမ်းကို နောက်ထပ် ဆက်တိုးလိမ့်မယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ထားကြပြီး စစ်ခေါင်းဆောင်ကိုယ်တိုင် ကြုံးဝါးထားတဲ့ ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ရေးဆိုတာကတော့ မသေချာတဲ့အခြေအနေမှာ ရှိနေဆဲပါ။
မှတ်ပုံတင်ပြန်လျှောက်ပြီး နိုင်ငံရေးလုပ်ဖို့ ဆိုင်းပြင်းထားတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့လည်း ခုချိန်ထိ နိုင်ငံရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်တာ ပြည်သူတွေရဲ့ အကျိုးအတွက် လုပ်ဆောင်တာ တခုမှ မမြင်တွေ့ရပါဘူး။
မှတ်ပုံတင်ပြန်လျှောက်ထားတဲ့ ပါတီတွေထဲမှာ ရခိုင်ပြည်နယ်မှာ လူထုထောက်ခံမှု အများဆုံးရရှိထားတဲ့ ရခိုင်အမျိုးသားပါတီလည်း ပါဝင်ပေမဲ့ လက်ရှိအချိန်ထိ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ မှတ်ပုံတင်ပြန်ချမပေးသေးပါဘူး။
ဒီအခြေအနေတွေအပြင် လက်ရှိနိုင်ငံရေးအခင်းအကျင်းတွေအရ နိုင်ငံရေးပါတီတွေဟာ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို လုပ်လို့ရနိုင်တဲ့အခြေအနေမှာ ရှိမနေသလို လူထုကလည်း နိုင်ငံရေးပါတီတွေကို စိတ်မဝင်စားတော့ဘူးလို့ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌက မှတ်ချက်ပြုပါတယ်။
လတ်တလောအခြေအနေအရတော့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍ ရပ်ဆိုင်းနေတဲ့ အခြေအနေလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောပါတယ်။
စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားတဲ့ ပါတီတွေထဲက တစ်ခုဖြစ်တဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌကတော့ လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားတဲ့ ပါတီဝင်စာရင်းပြုစုတာအပါအဝင် လုပ်ငန်းစဉ်တချို့ကို ပြုလုပ်နေပေမဲ့ ပြည်သူတွေအကြား စည်းရုံးတာတွေ ဆောင်ရွက်ဖို့ကတော့ ဘာမှ မဆောင်ရွက်နိုင်သေးဘူးလို့ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ နိုင်ငံရဲ့ ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရသွားဖို့ ရိုးရိုးသားသား ယုံကြည်ပြီး ပါတီလမ်းကြောင်းပေါ် လျှောက်လှမ်းတဲ့ ပါတီတွေအနေနဲ့ကတော့ မကြာခင်မှာ လူထုဘက်ကိုပဲ ရပ်လာလိမ့်မယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်အရ ဆက်လက်ရပ်တည်လိုတဲ့ နိုင်ငံရေးပါတီတွေ အပါအဝင် ပါတီအသစ် တည်ထောင်လိုတဲ့ နိုင်ငံရေးပါတီ ၆၃ ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ပြီး အဲဒီထဲက နိုင်ငံရေးပါတီ ၃၄ ပါတီကို စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြုထားပြီး ကျန်တဲ့ပါတီတွေကတော့ မှတ်ပုံတင်ပြန်ကျဖို့ စောင့်နေရဆဲအခြေအနေ ဖြစ်ပါတယ်။
ထက်အောင်