စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ NUG လက်အောက်ခံ ကြားကာလပညာရေး သင်ကြားနေတဲ့ ကျောင်းသားတွေနဲ့ စစ်ဘေးရှောင်တွေကို လူသားချင်းစာနာထောက်ထား ကူညီရေးအဖွဲ့က ကျပ်သိန်း ၁၀၀ ကျော် ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၂၀ ရက်နေ့က ကြားကာလပညာသင်ကြားနေတဲ့ ကျေးရွာ ၇ ရွာ မှာရှိတဲ့ စာသင်ကျောင်းက ကျောင်းသားတွေကို ကျောင်းသုံးပစ္စည်းတန်ဖိုး သိန်း ၁၀၀ ကျော်နဲ့ စစ်ဘေးရှောင်အိမ်ထောင်စု ၃၇၅ စုစာအတွက် ရေပိုက် ၁၅ ခွေ ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကျောင်းသားတွေအတွက် ကျောပိုးလွယ်အိတ်၊ ဗလာစာအုပ်၊ ခဲတံ၊ ရောင်စုံခဲတံနဲ့ တခြားစာရေးကိရိယာတေွ ပေးခဲ့တာလို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေတဲ့ ကိုသူရိန်က ပြောပါတယ်။
"ကျောင်သုံးပစ္စည်း သိန်း ၁၀၀ ကျော်နဲ့ ရေပိုက် ၁၅ ခွေက ၁၂ သိန်းကျော် ထောက်ပံ့ပေးဖြစ်ခဲ့တာပါ။ စစ်ဘေးရှောင်တွေက တောင်ကျရေကို ချိုးရေ၊ သုံးရေအဖြစ် အမှီပြုနေရတာ။ ဒါကြောင့် ရေပိုက်တွေကို လှူဒါန်းတပ်ဆင်ပေးခဲ့တာ" လို့ ပြောပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ဘေးရှောင်စခန်း ၁၀ ခုကျော်ရှိပြီး စစ်ဘေးရှောင်တွေ တိုးလာနေတာကြောင့် ပြည်တွင်းပြည်ပက အလှူရှင်တွေအနေနဲ့ ကလေးနယ်က စစ်ဘေးရှောင်တွေအတွက် ထောက်ပံ့လှူဒါန်းပေးကြဖို့ စစ်ဘေးရှောင် ကူညီရေး အဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။