ယူကရိန်းရဲ့ အရှေ့တောင်ဘက်က ဇာပိုရစ်ချ်ဇီယာဒေသအတွင်း ရှေ့တန်းနားမှာ အမြောက်နဲ့ တိုက်ခိုက်မှုကြောင့် ရုရှားအခြေစိုက် RIA သတင်းဌာနရဲ့ သတင်းထောက်သေဆုံးခဲ့ပြီး တခြားရုရှား သတင်းထောက် ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ယူကရိန်းရဲ့ အမြောက်နဲ့တိုက်ခိုက်မှုအတွင်း သတင်းထောက်တွေ ဒဏ်ရာရခဲ့တယ်၊ သူတို့ကို စစ်မြေပြင်ကနေ ကယ်ထုတ်ခဲ့ပေမယ့် သတင်းထောက် ရိုစတီဆလာ့ဗ် ယိုရပ်ဗ်လီယို ကတော့ ခရီးမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
တခြားသူတွေက ဒဏ်ရာပြင်းထန်ပေမယ့် တည်ငြိမ်တဲ့အခြေအနေမှာ ရှိနေပြီး အသက်အန္တရာယ် မရှိပါဘူး။
“သူတို့ဟာ လိုအပ်တဲ့ ဆေးကုသမှု အားလုံးကို ခံယူနေပါတယ်" လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ရှေ့တန်းက ပီယာတီခတ်ကီ ကျေးရွာကနေ သတင်းပို့နေတုန်း သတင်းထောက် သေဆုံးခဲ့ပြီး ကင်မရာသမားတယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ RIA သတင်းဌာနက အတည်ပြုခဲ့ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီဖြစ်ရပ်မှာ ယူကရိန်းက အစုလိုက်အပြုံလိုက် ထိခိုက် စေနိုင်တဲ့ ဗုံးတွေကို သုံးခဲ့တယ်လို့ပြောခဲ့ပေမယ့် ဒီကိစ္စအတွက် အထောက်အထားမပြခဲ့သလို ရိုက်တာသတင်းဌာနကလည်း သီးခြားအတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။
ယူကရိန်းဟာ အခုလအတွင်း အမေရိကန်ဆီကနေ အစုလိုက်အပြုံလိုက် ပေါက်ကွဲနိုင်တဲ့ ကလပ်စတာဗုံးတွေကို လက်ခံရရှိခဲ့ပေမယ့် ရန်သူစစ်သားတွေရဲ့စုစည်းမှုကို ဖယ်ရှားဖို့သာ သုံးမယ်လို့ ကတိပြုထားပါတယ်။
ဒီလက်နက်တွေမှာ ကျယ်ပြန့်တဲ့ ဧရိယာအနှံ့ပြန့်ကျဲသွားနိုင်တဲ့ ဗုံးသေးသေးလေးတွေ အမြောက်အမြားပါပေမယ့် အရပ်သားတွေကို အန္တရာယ်ဖြစ်စေနိုင်လို့ နိုင်ငံအများအပြားမှာ မသုံးဖို့ တားမြစ်ထားပါတယ်။
ယူကရိန်းကတော့ ကလပ်စတာဗုံးသုံးတာကို စစ်မြေပြင်မှာသာသုံးဖို့ ကန့်သတ်ထားမယ်လို့ အကြိမ်ကြိမ် ပြောကြားထားပါတယ်။
Source-Reuters