မက္ကဆီကိုနိုင်ငံမြောက်ပိုင်းက နယ်စပ်မြို့တခုဖြစ်တဲ့ ဆန်လူးဝစ် ရီယို ကိုလိုရာဒို မှာ ဘား တခုအပေါ် မီးရှို့မှုလို့သံသယရှိတဲ့ တိုက်ခိုက်မှုဖြစ်ရပ်အတွင်း လူ ၁၁ ယောက်အထိ သေဆုံးခဲ့တယ်လို့ ဇူလိုင် ၂၂ ရက်မှာ ဆိုနိုရာ ပြည်နယ်ရဲ့ အာဏာပိုင်တွေက အတည်ပြုပါတယ်။
အဲဒီဆိုင်ကနေ နှင်ထုတ်ခံခဲ့ရတဲ့ ဖောက်သည်တယောက်က ဓာတ်ဆီပုလင်းတခုနဲ့ မီးတင်ရှို့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ကနဦးတွေ့ရှိချက်တွေအရ သံသယရှိသူဟာ ငယ်ရွယ်တဲ့အမျိုးသားတယောက်ဖြစ်ပြီး ပြီးခဲ့တဲ့စနေနေ့ အစောပိုင်းမှာဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုအတွင်း အလွန်အရက်မူးနေခဲ့တယ်လို့ ပြည်နယ်အစိုးရ ရှေ့နေတွေက မှတ်ချက်ပေးပါတယ်။
ဘားထဲမှာရှိနေတဲ့ အမျိုးသမီးတွေအပေါ် မလေးမစားပြုမူနေတာကြောင့် ဒီလူငယ်ကို ဆိုင်ထဲကနေ ဆွဲထုတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာ သံသယရှိသူပြန်ရောက်လာခဲ့ပြီး ဘားရဲ့တံခါးတွေကို ဓာတ်ဆီပုလင်းတမျိုးနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြည်နယ်အစိုးရရှေ့နေတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီဖြစ်ရပ်အတွင်း သေဆုံးခဲ့ရတဲ့ ၁၁ ယောက်ထဲက ၄ ယောက်ဟာ အမျိုးသမီးတွေဖြစ်သလို နောက်ထပ် ၄ ယောက်ကလည်း သူတို့ရဲ့ဒဏ်ရတွေကို ဆေးရုံမှာကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သံသယရှိတဲ့ အမျိုးသားတယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိ ထားတယ်လို့ မြို့တော်ဝန် ဆန်းတို့စ် ဂွန်ဇာလက်ဇ်က ပြောကြားပါတယ်။
Source-Reuters